Friday, January 11, 2019

မြန်မာ့အောင်သံ

သူဋ္ဌေးဖြစ်လိုပါက ၀န်ထမ်း မလုပ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံ ပြော

Photo by http://www.statecounsellor.gov.mm
ပူတာအို၊ ဇန်န၀ါရီ ၁၀

အစိုးရ၀န်ထမ်းများမှာ ပြည်သူများက ယုံကြည်မှု ရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ပြီး သူဋ္ဌေးဖြစ်လိုပါက ၀န်ထမ်းမလုပ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဇန်န၀ါရီလ ၉ ရက်က ကချင်ပြည်နယ်၊ အထက်နမ့်ထွမ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်လှစ်ပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

“ဝန်ထမ်းလုပ်တယ်ဆိုတာ သူဋ္ဌေးဖြစ်ဖို့ လုပ်တာမဟုတ်ဘူး။ သူဋ္ဌေးဖြစ်ချင်ရင်တော့ စီးပွားရေးလုပ်ဖို့ပဲ ရှိတယ်။ အဲဒီတော့ ဝန်ထမ်းတွေဟာ သူဋ္ဌေးဖြစ်ချင်လို့ အစိုးရအဖွဲ့ထဲ ဝင်တာ၊ အစိုးရဝန်ထမ်းလုပ်တာ လုံးဝ မသင့်တော်ပါဘူး။ ဒါကို ဘာဖြစ်လို့ ကျွန်မ သတိပေးရတာလဲဆိုတော့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ ဝန်ထမ်းတွေအပေါ်မှာ အခုထက်ထိ ၁၀ဝ ရာခိုင်နှုန်း ယုံကြည်မှုရှိတယ်လို့ ပြောလို့ မရသေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်ပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် အပါအ၀င် ဒေသအခြေပြု လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ တက်ရောက်ကြသည်။

“ပြည်သူပြည်သားတွေက နိုင်ငံ့ဝန်ထမ်းတွေအပေါ်မှာ ယုံကြည်မှုရှိနေမှ ကျွန်မတို့ နိုင်ငံဟာ အမှန်တကယ် တိုးတက်တဲ့ နိုင်ငံလို့ ခေါ်နိုင်မှာပါ။ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာဟာ တချို့တွေကတော့ နိုင်ငံရဲ့ ဘဏ္ဍာ အနေအထား၊ နိုင်ငံရဲ့ တစ်ဦးချင်း ပျမ်းမျှခြင်းတွေကို ကြည့်ပြီးတော့ တွက်ကြပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ချမ်းသာသလား၊ ဆင်းရဲသလား။ ကျွန်မတို့ကတော့ ဒီလိုတွက်လို့ မရဘူးလို့ ထင်ပါတယ်။ နိုင်ငံ တစ်နိုင်ငံ ချမ်းသာသလား၊ ဆင်းရဲသလားဆိုတာ ပထမဦးဆုံးက ဘယ်လောက် ညီညွတ်မှုရှိသလဲဆိုတာ ကြည့်ပြီး တွက်ရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံက ဆိုသည်။

အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းသည် ပူတာအိုမြို့ အနောက်ဘက် ခုနှစ်မိုင်ခန့်အကွာတွင် တည်ရှိကာ စက်တပ်ဆင် အင်အား ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိပြီး ပူတာအိုမြို့ပေါ် ရပ်ကွက် (၁၀) ရပ်ကွက်နှင့် မချမ်းဘောမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက် အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ( ၂၃ ) ရွာအား ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Read More

Friday, July 6, 2018

မြန်မာ့အောင်သံ

ကြော်ငြာကို သတင်းလုပ် အဟုတ်ထင်နေသရွေ့တော့…

ပြည်သူ့ဘဏ္ဍာသုံး အစိုးရကောင်းလုံးတွေချည်း ထုတ်ထုတ်ပြနေတဲ့ အစိုးရသတင်းစာနဲ့ ပတ်သက်လို့ မပြော သေးဘူးဆိုပြီး ထားထားတာ ကြာပေါ့။ အခုတော့ ပြောမှကို ဖြစ်တော့မှာမို့ ပြောရပေတော့မယ်။ တီးလို့ မြည်တယ်လို့သာ မှတ်ယူကြပေကုန်တော့။

ဘယ်သူတွေ ဘာပြောပြော ကိုထွဏ်းမောင်တို့က အစိုးရသတင်းစာကို လပေးနဲ့ ၀ယ်ယူဖတ်ရှုနေကြ။ တို့အစိုးရ ကြီး ဘာတွေ လုပ်နေသလဲဟဲ့၊ တို့တိုင်းဌာနေ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေသလဲဟဲ့ဆိုပြီး မနက်မိုးလင်းတာနဲ့ ပြေးပြေးဆွဲပြီး ဖတ်ရတာ။ တခါတလေ ခပ်စောစော နိုးလို့ သတင်းစာ မလာသေးရင်တောင် အင်တာနက်ဖွင့် ပြန်ကြားရေးဝက်ဘ်ဆိုက်ထဲ ၀င်ပြီး သတင်းစာကို ဒေါင်းလုပ်ခ်ရယူ ဖတ်နေကြ။ ကိုထွဏ်းမောင်တို့ကို ဒီလောက်တောင် သတင်းစာကို စွဲလမ်းတဲ့လူမျိုး။ ဒါပေမဲ့ အခုတစ်လော သတင်းစာဖတ်ရတာ ကိုထွဏ်းမောင် အတွက် ဘ၀င်မကျစရာကိစ္စ ခဏခဏ တွေ့လာရတော့ ပြောမှကိုး ဖြစ်တော့မယ်ဗျ။

အကြောင်းက ဒီလိုဗျာ…။ အားလုံးလည်း သိကြတဲ့အတိုင်း အခုတစ်လော မြန်မာပြည်ရဲ့ ဘယ်နေရာကို ကြည့် ကြည့် ရေကြီးရေလျှံလို့ တံတားတွေ ကျိုး၊ လယ်တွေ ရေမြုပ်၊ မြေပြိုလို့ လမ်းပိတ်၊ တောင်ပြိုလို့ လူသေ၊ လူတွေ ဒုက္ခရောက်နဲ့ စိတ်မချမ်းသာစရာတွေက အပြည့်။ ဒါတင်လား မဟုတ်၊ စစ်ဘေးကြောင့် လူကြေကိစ္စ တွေကလည်း တစ်ဖက်က ရှိနေတော့ ဒီသတင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံသားပီပီ သိချင်၊ ဖတ်ချင်၊ စူးစမ်းချင် မိရဲ့။

ဒါပေမဲ့ ကိုထွဏ်းမောင် သတင်းစာဖတ်လိုက်တိုင်း ဒီသတင်းတွေတော့ ပါပါရဲ့။ ဒါပေသိ ရေဘေးသင့်နေရာတွေ ကို ၀န်ကြီးတွေ သွားကြ၊ ကျိုးသွားတဲ့ တံတားတွေကို ပြင်ဆင်လိုက်ပြီ ဖြစ်ကြောင်း၊ ရေဘေးသင့် ဒုက္ခသည် တွေကို ဘာတွေတော့ဖြင့် ကူညီလိုက်ပြီဖြစ်ကြောင်း ၀န်ကြီးအခြေပြု၊ အစိုးရအခြေပြု သတင်းတွေချည်း တွေ့ တွေ့နေရတာပါ။ အစိုးရသတင်းစာမို့ ဒီလို ရေးကြ၊ သားကြ၊ တင်ပြကြတာလည်း မဆန်းပါဘူး။ ဘယ်နေရာ တော့ဖြင့် ၀န်ကြီးတွေ သွားပြီး အားပေးထောက်ပံ့လိုက်ပြီ၊ ဘယ်နေရာမှာတော့ အစိုးရအဖွဲ့ဝင်တွေ သွားပြီး ကူညီထောက်ပံ့လိုက်ပြီ။ ဒီအထိ ကိုထွဏ်းမောင်အတွက်က ဖိုင်း Fine ပါပဲ။ ဒါပေသိ ၀န်ကြီးသွား သတင်းဖြစ်၊ ပြန်/ဆက်ပို့ သတင်းဖြစ် အဆင့်လောက်ပဲ တွေ့နေရတာကတော့ ကိုထွဏ်းမောင်အတွက် သိပ်တော့ ဘ၀င် မကျလှ။
စိုးရိမ်မှု မရှိအောင် အစိုးရက ဘယ်လို ဖြေလျော့မှုတွေ လုပ်မလဲဆိုတဲ့ ဒုက္ခရောက်နေသူတွေကို နှစ်သိမ့်နိုင်တဲ့ သတင်းမျိုးတွေ မတွေ့ရ...
ကိုထွဏ်းမောင် မြင်ချင်၊ ကြားချင်၊ ဖတ်ချင်မိတာက လက်ရှိ ဒုက္ခရောက်နေသူတွေအတွက် အစိုးရရဲ့ ကူညီရေးနဲ့ သက်ဆိုင်တဲ့ မဟာဗျူဟာ စီမံချက်တွေကို  အချက်အလက်တွေကို အခြေပြုတဲ့ သတင်းတွေ (ဥပမာ ဘယ်နေရာမှာတော့ လယ်ဧက ဘယ်လောက် ရေမြုပ်ကုန်တဲ့အတွက် လာမယ့်ကာလ စပါးအထွက်လျော့နိုင် ဆိုတာမျိုးတွေ)၊ အမတော်ကြေးယူ စိုက်ပျိုးထားသူတွေရဲ့ လယ်တွေ နစ်မြုပ်ကုန်တဲ့အတွက် ဒီအတွက် စိုးရိမ်မှု မရှိအောင် အစိုးရက ဘယ်လို ဖြေလျော့မှုတွေ လုပ်မလဲဆိုတဲ့ ဒုက္ခရောက်နေသူတွေကို နှစ်သိမ့်နိုင်တဲ့ သတင်း မျိုးတွေ မတွေ့ရတာပါ။

ဒါတွေသာ မတွေ့ရတာ အနုပညာကဏ္ဍဆိုပြီး ခေါင်းစီးတပ်ပြီး ဘယ်ရုပ်ရှင်ကိုတော့ဖြင့် ဘယ်နေ့မှာ တစ်နိုင်ငံ လုံး ပြမယ်ဆိုတာမျိုးကို မျက်နှာပြည့်နီးပါး ဖော်ပြနေတဲ့ကိစ္စပါ။ ဒီလိုမျိုး ဖော်ပြနေတာဟာ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ အထပ်ထပ် အခါခါ ရှိလာလို့ ကိုထွဏ်းမောင် ပြောရတာပါ။ လုပ်ငန်းရှင်အတွက်တော့ ကြော်ငြာခ သက်သာသွားပေမယ့် အစိုးရကို ငွေသွင်းမှာယူ ဖတ်ရှုနေသူတွေအတွက်တော့ သတင်းတန်ဖိုးက ဇီးရိုးပါပဲ။ သိတဲ့အတိုင်း အစိုးရသတင်းစာမှာ ဒီရုပ်ရှင်ကြီး ဘယ်နေ့ ရုံတင်ပါပြီဆိုပြီး ကြော်ငြာထည့်ရင် မျက်နှာ ပြည့်ဆိုရင် ဖွတ်ကလိဒင်္ဂါး မြန်မာကျပ်ငွေ ၁၇ သိန်း ပတ်ချာလည်လောက် ကုန်တာဗျ။ ဒါကို သတင်းလိုလို၊ အင်တာဗျူးလိုလို ဖော်ပြလိုက်တော့ လုပ်ငန်းရှင်အတွက် အကုန်အကျ သက်သာသွားတယ် မဟုတ်လား။

ရေးသူကတော့ ရေးပေမပေါ့။ ဒီလိုမျိုး ရေးပေးကြဖို့လည်း လုပ်ငန်းရှင်တွေဘက်က တံစိုးလက်ဆောင် ပေးပြီး ရေးစေကြတယ်ဆိုတာပါ။ ဒါလိုကိစ္စမျိုးက ပုဂ္ဂလိက မီဒီယာတွေမှာလည်း မကြာခဏဆိုသလို ကြားနေကြ သတင်းဆိုတော့ ရေးသူကို သိပ်ပြီးတော့ မပြောလိုလှဘူး။ ရပ်တည်နိုင်တယ်လို့ဆိုရုံ လုပ်ခလစာနဲ့ အသက် ဆက်နေကြရတဲ့ သတင်းစာသမားတွေမှာ ကျင့်ဝတ်ကို မလိုက်နာသူတွေ ရှိတတ်တာ အရှိတရားမို့ ကိုထွဏ်းမောင်လည်း သဘောပေါက်ရဲ့။
အစိုးရ သတင်းစာက ပေးနိုင်တဲ့ သတင်းစာမျက်နှာ နေရာက ခပ်နည်းနည်းရယ်။ ဒီလို နည်းရတဲ့ကြားထဲ ကြော်ငြာလို့ နာမည်မတပ်ထားပေမယ့် ကြော်ငြာလို့ ပြောနိုင်တဲ့ ဒီလို သတင်းမျိုးကို တစ်မျက်နှာနီးပါး နေရာပေးတာကတော့ တဆိတ် လွန်လှ...
ခက်တာက ဒီလို ကြော်ငြာဆန်ဆန် သတင်းတွေကို ဖော်ပြခွင့်ပေးတဲ့ အယ်ဒီတာကစလို့ အထက်အထက် တာဝန်ရှိသူတွေကိုပါ။ သိတော်မူကြတဲ့အတိုင်း အစိုးရသတင်းစာဆိုတာ တာဝန်ကြီးတယ် မဟုတ်ပေဘူးလား။ နိုင်ငံအတွင်းက ဖြစ်ပျက်သမျှ၊ အစိုးရအဖွဲ့ လုပ်သမျှကို ဖော်ပြနေမယ်ဆိုရင်တောင် စာမျက်နှာက လောက်လှတာ မဟုတ်။ ဒီကြားထဲ ၀န်ကြီးဌာန ရပ်တည်ရေးအတွက် ကြော်ငြာကလည်း နေရာပေးထားရတော့ တကယ်တမ်း သတင်းဖတ်လိုသူ ကိုထွဏ်းမောင်တို့အတွက် အစိုးရ သတင်းစာက ပေးနိုင်တဲ့ သတင်းစာမျက်နှာ နေရာက ခပ်နည်းနည်းရယ်။ ဒီလို နည်းရတဲ့ကြားထဲ ကြော်ငြာလို့ နာမည်မတပ်ထားပေမယ့် ကြော်ငြာလို့ ပြောနိုင်တဲ့ ဒီလို သတင်းမျိုးကို တစ်မျက်နှာနီးပါး နေရာပေးတာကတော့ တဆိတ် လွန်လှတယ်လို့ ပြောချင်ရဲ့။ သတင်းစာဖတ် သူအတွက်လည်း အကျိုးမရှိ၊ အစိုးရအတွက်လည်း ၀င်ငွေလျော့တယ် မဟုတ်ပေဘူးလား။ ဒါကို ကြော်ငြာအ ဖြစ် ထည့်ခိုင်းရင် အစိုးရ၀င်ငွေ တိုးနိုင်သေးရဲ့။ အခုတော့ မလိမ့်တပတ်နဲ့ အရပ်စကားနဲ့ ပြောရရင် ဂျင်း ထည့်ခံရတဲ့ကိန်း။ ကွယ်ရာမှာ ငပိန်းလို့ ပြောခံရမယ့် အပေါက်။


သတင်းစာဆိုတာ လူထုကို အသိပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုတဲ့ ရည်ညွှန်းချက် သုံးရပ်နဲ့ လုပ်ရ တယ်ဆိုပြီးတော့ ကိုထွဏ်းမောင်တို့လို သတင်းစာဖတ်သူတွေကို လာမရှင်းစေချင်ဘူး။ ကိုထွဏ်းမောင်တို့ဆို တာ ဟိုအရင် စာပေကင်ပေတိုင်ခေတ်ကတည်းက သတင်းလုပ်ငန်းမှာ ကျင်လည်ခဲ့ဖူးတော့ ရှေးလူကြီးများ စကား ငှားပြောရရင် ရှင်ကြီးဝမ်းလည်း နေဖူး၊ ရှင်ငယ်ဝမ်းလည်း နေဖူး၊ ရှင်စကောစက၀မ်းလည်း နေဖူးတယ်လို့။ အပွေးမြင် အပင်သိ သတင်းမြင် အညှာသိလို့ ဆိုရမှာပေါ့။
နဂိုကမှ ကြော်ငြာကို လက်ဝါးကြီးအုပ်၊ ပြည်သူငွေနဲ့ ထုတ်တာမို့ တော်ပါတော့၊ တန်ပါတော့၊ ရပ်ပါတော့လို့ ပြောဆိုနေတဲ့ကြားထဲက ဆက်လုပ်နေတဲ့အပြင်...
လူထုငွေနဲ့ ထုတ်တဲ့ အစိုးရအာဘော် သတင်းစာဆိုပေမယ့် အခုအချိန်ထိ ကိုထွဏ်းမောင်တို့ ဖတ်နေကြရတာ ကြိုက်လို့ရယ်တော့ မဟုတ်။ အစိုးရဆီက သတင်းကို ဒီတစ်ခုတည်းကနေ သိနေရလို့ဆိုတာ သိစေချင်မိတယ်။ နဂိုကမှ ကြော်ငြာကို လက်ဝါးကြီးအုပ်၊ ပြည်သူငွေနဲ့ ထုတ်တာမို့ တော်ပါတော့၊ တန်ပါတော့၊ ရပ်ပါတော့လို့ ပြောဆိုနေတဲ့ကြားထဲက ဆက်လုပ်နေတဲ့အပြင် ဒီလိုမျိုး မလျော်ကန် မသင့်မြတ်၊ သတင်းတန်ဖိုး ဇီးရိုးဖြစ်နေ တဲ့ ကြော်ငြာသတင်းတွေကိုပါ ဆက်တိုက်ဆိုသလို ဖတ်ဖတ်နေရတော့ ဘာလဲ့ဟဲ့ အစိုးရသတင်းစာလို့ မေးခွန်းထုတ်ရတော့မယ်။

ပြောပြန်ရင်လည်း ကိုရင်ထွဏ်းမောင် လွန်ရာကျဦးမယ်။ မျိုးမမှန်လို့ ပင်မသန်ဘူးဆိုရင်လည်း အခန့်မသင့်ရင် ဖြင့် ပုဒ်ထီး၊ ပုဒ်မ၊ ပုဒ်ကလေး၊ ပုဒ်ခွဲတွေက လာဦးမယ်။ လူထုငွေနဲ့ ထုတ်ပြီး လူထုအတွက် တန်ဖိုးရှိတဲ့ သတင်းကို မပေးနိုင်မှတော့ သတင်းစာအဆင့်လို့တောင် သတ်မှတ်လို့ ရအံ့မထင်။ အစိုးရအာဘော်စာစောင် လို့ပဲ ပြောင်းခေါ်ရတော့မယ်။ သတင်းစာလို့ ပြောချင်၊ ဆိုချင်၊ ခေါင်းစဉ်တပ်ချင်ရင် သတင်းစာမှာ သတင်းတွေ ထည့်ကြပါ။ ကြော်ငြာကို သတင်းလုပ် ဖော်ပြနေတာတွေ ရပ်တန့်နိုင်အောင် လုပ်ကြပါ။ လူထုအတွက် အကျိုး ရှိတဲ့ သတင်းစာမျိုးဖြစ်အောင် လုပ်ကြပါ။

အစိုးရယန္တရားကို ဆွဲယူသုံးထားတဲ့ ပြည်သူ့ဘဏ္ဍာငွေသုံး အစိုးရအာဘော် သတင်းစာတွေဟာ ပုဂ္ဂလိက သတင်းစာတွေထက် အစစအရာရာမှာ အားသာတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ လူအင်အား၊ ငွေအင်အား၊ ပါဝါအင်အား အကုန်အားသာပါတယ်။ မလွတ်မလပ် ဒီမိုကရေစီနိုင်ငံရေးကာလ  မဆုတ်မနစ် ကြိုးပမ်းဖို့ လိုနေချိန် သတင်းစာရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာမို့ လူထုဗဟိုပြု သတင်းစာအတတ်ပညာတွေသုံးပြီး အကျိုးပြုနိုင်ပါစေလို့ ဆုတောင်းရင်း စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အသုံးချမှု မခံရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

ထွဏ်းမောင်

(၂၀၁၈ ခုနှစ် ဇွန်လ ၂၀ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
Read More
မြန်မာ့အောင်သံ

ဘုန်းကြီးကျောင်း မီးလောင်ရာမှ ယောဂီတစ်ဦး သေဆုံး

ပြည်၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊  ဥယျာဉ်စုဘုန်းကြီးကျောင်းအတွင်း မီးလောင်မှုဖြစ်ပွားရာမှတစ်ဆင့် ယောဂီတစ်ဦး သေဆုံးမှုတစ်ရပ် ဇူလိုင်လ ၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်။

ရွာဘဲရပ်ကွက်၊ ဖက်တန်းလမ်းရှိ ဥယျာဉ်စုဘုန်းကြီးကျောင်းအတွင်း ကျောင်းဆောင်အောက်ထပ်ရှိ ထင်းမီးဖိုမှ မီးကြွင်းမီးကျန်များကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အသက် ၈၅ နှစ်အရွယ် ယောဂီ ဒေါ်ခင်ထားမြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဇူလိုင်လ ၆ ရက် နံနက် နံနက် တစ်နာရီခန့်က အဆိုပါကျောင်းဆောင်တွင် ဦးဇင်းတစ်ပါး၊ မယ်သီလရှင်တစ်ပါးနှင့် ယောဂီဖြစ်သူ ဒေါ်ခင်ထားမြင့်နှင့် သမီးဖြစ်သူတို့ နေထိုင်နေကြစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ကျန်သူများ လွတ်မြောက်ခဲ့သော်လည်း ဒေါ်ခင်ထားမြင့်မှာမူ တစ်ကိုယ်လုံး မီးလောင်ကျွမ်းသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ကား အစီး ၂၀၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦးတို့ဖြင် ငြိမ်းသတ်ခဲ့ရပြီး ကာလတန်ကြေး ကျပ်လေးသိန်းခွဲတန်ဖိုးရှိ ကျောင်းဆောင်တစ်လုံး ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

ထင်းမီးဖိုအနီးတွင် မီးလောင်ကျွမ်းသေဆုံးခဲ့သူ ဒေါ်ခင်ထားမြင့်ကိုမူ မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် ဒုရဲအုပ် မြတ်သူစိုးက တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ပြည်မြို့နယ်ရဲစခန်းတွင် (ပ) ၅၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Read More

Wednesday, July 4, 2018

မြန်မာ့အောင်သံ

တပ်မတော်စီးပွားရေးနဲ့ နိုင်ငံရေးချိန်ခွင်လျှာ

မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ တပ်ဟာ အခုအချိန်အထိ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာဟာ အခြေခံဥပဒေက ပေးထားတဲ့ အာဏာပါဝါကြောင့် သုံးသပ်နေကြပါတယ်။ ဒါဟာလည်း မှားယွင်းတဲ့ သုံးသပ် ချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တပ်ရဲ့ အားကောင်းမောင်းသန်မှုဟာ ခြေ/ဥ တစ်ခုတည်းကြောင့် မဟုတ်ဘူး ဆိုတာကိုလည်း ထည့်စဉ်းစားဖို့ လိုလာပါပြီ။ ဒီလို ထည့်သွင်းစဉ်းစားရမယ့် အချက်ထဲမှာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ခိုင်မာတဲ့ အင်စတီကျူးရှင်း ဖြစ်တယ်ဆိုတာပါ။

နှစ်ကာလရှည်ကြာ စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ ကျစ်လစ်ခိုင်မာတဲ့ ဖွဲ့စည်းမှု၊ တည်ငြိမ်တဲ့ ထက်အောက် ဖွဲ့စည်းမှုစနစ်တွေက တပ်ကို ထောက်ကူထားပါတယ်။ ဒါ့အပြင် အုပ်စုဖွဲ့ ရပ်တည်မှုကလည်း အင်စတီကျူးရှင်းကို ပိုမိုအားကောင်းစေခဲ့သလို သစ္စာခံမှုနယ်ပယ်ကို ပိုပြီး ကြီးစေခဲ့ပါတယ်။
တပ်သည် အစိုးရရဲ့ လက်ဝေခံမဟုတ်ဘဲ မိမိဘာသာ ရပ်တည်နေနိုင်အောင် ဖန်တီးထားတဲ့ အခင်းအကျင်း...
နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့်အချက်ကတော့ တပ်သည် အစိုးရရဲ့ လက်ဝေခံမဟုတ်ဘဲ မိမိဘာသာ ရပ်တည်နေနိုင်အောင် ဖန်တီးထားတဲ့ အခင်းအကျင်းပါ။ ဒီမိုကရက်တစ်နိုင်ငံတွေမှာ တပ်ရဲ့ ရပ်တည်ရေးဟာ အစိုးရက ချပေးတဲ့ ဘက်ဂျက်အပေါ်မှာ အဓိက မှီခိုအားထားရပြီး ဒီမိုကရေစီစနစ် ကူးပြောင်းစနိုင်ငံတချို့မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအပေါ် ဘက်ဂျက်ခွဲဝေမှုက အဓိကထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ဒီမိုကရေစီရပြီးနိုင်ငံတွေ၊ ဒီမိုကရေစီစနစ် ကူးပြောင်းစနိုင်ငံတွေနဲ့ မတူညီတာ ရှိပါတယ်။ အဲဒါက တပ်သည် အစိုးရက ချပေးတဲ့ ဘက်ဂျက်ကို ရယူနေပေမယ့်လည်း မိမိဘာသာ ရပ်တည်နိုင်အောင်အတွက် ကိုယ်ပိုင် စီးပွားရေးကော်ပိုရေးရှင်းတွေ တည်ထောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တပ်က စီးပွားရေးလုပ်တော့ ဘာဖြစ်သလဲလို့ မေးစရာတော့ ရှိပါတယ်။ ဒီ့အတွက် အဖြေကလည်း ရှိပါတယ်။ နိုင်ငံရဲ့ စီးပွားရေးမှာ တပ်ဘက်က အခုလို ပါဝင်နေခြင်းဟာ နိုင်ငံအဆင့်မှာတင်မဟုတ်ပါဘူး၊ အောက်ခြေ ရွာ၊ မြို့၊ ခရိုင်၊ ပြည်နယ်အဆင့်တွေအထိ သူတို့ရဲ့ သြဇာအာဏာလွှမ်းမိုးမှုက ပိုပိုပြီး အားကောင်းလာစေပါတယ်။

ဒါ့အပြင် အစိုးရဘက်ဂျက်ကို အတိုင်းအတာတစ်ခုအထိ မသိကျိုးကျွံပြု နေနိုင်ပြီး အကန့်အသတ်နဲ့ ပြုပြင် ပြောင်းလဲမှုကို ဖွင့်ပေးထားလိုက်ပြီး တရားဝင်မှုဆိုတဲ့ အကာအကွယ်အောက်မှာ သူတို့ရဲ့ အခန်းကဏ္ဍကို အားပြုထားတဲ့ အခြေခံဥပဒေနဲ့အတူ နိုင်ငံရေးကို ဆက်လက်ဦးဆောင်နိုင်တဲ့ အစီအမံတွေအပေါ် ပိုပြီး အားကောင်းစေ၊ အလုပ်ဖြစ်စေပါတယ်။ ဒါ့အပြင် နိုင်ငံ့အတွက် အရေးကြီးပြီး အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို တပ်ဘက်က မလုပ်ဘဲ လက်ရှောင်ရပ်တည်နေနိုင်အောင် ဖန်တီးထားနိုင်ပါတယ်။

ဒီလို အနေအထားတွေ ဖန်တီးနိုင်ဖို့ဆိုတာဟာ တပ်ရဲ့ ကိုယ်ခံအားကောင်းတဲ့ အင်စတီကျူးရှင်း တည်ဆောက် ထားနိုင်မှုနဲ့ တပ်ပိုင်စီးပွားရေးတွေရဲ့ ကျားကန်ပေးမှုတွေပါ။ အင်စတီကျူးရှင်းရဲ့ သစ္စာခံမှုနယ်ပယ်ကို စီးပွား ရေးနဲ့ ချဲ့ထွင်ထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီ့နောက်ကွယ်မှာ ဒီမိုကရေစီကျင့်စဉ်တွေနဲ့ မကိုက်ညီတဲ့ အ ကျင့်ပျက်ခြစားမှုတွေ၊ မလျော်သြဇာ သုံးမှုတွေ ပိုပိုများလာစေသလို အုပ်စုဖွဲ့ ကောင်းစားရေးဟာလည်း ပိုပို အားကောင်းလာစေပါတယ်။
အစိုးရဆီက ဘက်ဂျက်ကို လျော့ယူပြနေရချိန် တပ်အတွက်လိုအပ်နိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျပ်တည်းမှုကို ဒီ တပ်ပိုင်စီးပွားရေးကော်ပိုရေးရှင်းက တစ်ဖက်က အထောက်အပံ့ ဖြစ်စေနိုင်...
ပြည်ပရန် မရှိရင် စစ်တပ်ရဲ့ အခန်းကဏ္ဍ မှေးမှိန်တတ်တဲ့ အနေအထားမှာ တပ်အတွက် ပြည်တွင်းရန်သူ ဖန်တီးထားနိုင်ဖို့မှာ တပ်ရဲ့ ဘဏ္ဍာရေးအခန်းကဏ္ဍဟာလည်း အရေးပါလှပါတယ်။ တပ်ဘက်က တရားဝင်မှု အရေခြုံပြီး ပြောင်းလဲမှုကို ပြပါတယ်လို့ ဆိုနိုင်အောင် အစိုးရဆီက ဘက်ဂျက်ကို လျော့ယူပြနေရချိန် တပ်အတွက်လိုအပ်နိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျပ်တည်းမှုကို ဒီ တပ်ပိုင်စီးပွားရေးကော်ပိုရေးရှင်းက တစ်ဖက်က အထောက်အပံ့ ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါဟာလည်း တပ်ရဲ့ နိုင်ငံရေးသြဇာ တည်ဆောက်ရာမှာ တပ်ပိုင် စီးပွားရေးတွေက တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသလို တပ်ပိုင်စီးပွားရေးတွေ အားကောင်းစေဖို့လည်း နိုင်ငံရေး သြဇာ တက်လာမယ့် တပ်ဘက်က ပြန်လုပ်ဆောင်နိုင်ဆိုတဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ကွင်းဆက်ကို ဖန်တီးပေးပါတယ်။

ဒီ အကျိုးဖြစ်ထွန်းမှု ကွင်းဆက်ကို ကြည့်မယ်ဆိုရင် နိုင်ငံရေးမှာ တပ်ရဲ့ သြဇာအာဏာ တည်မြဲရေးအတွက် တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍကို မြင်ရမှာပါ။ နောက်တစ်ခုကတော့ အစိုးရက ဦးဆောင်မောင်း နှင်နေတဲ့ ဒီမိုကရေစီကူးပြောင်းစနိုင်ငံမှာ နိုင်ငံ့စီးပွားရေး ကျပ်တည်းချိန် တပ်ပိုင်စီးပွားရေးက အားကောင်းနေ တယ်ဆိုရင်လည်း နိုင်ငံရေးနယ်ပယ်မှာ တပ်ရဲ့ သြဇာအာဏာက ပိုပိုပြီး အားကောင်းလာစေနိုင်တယ်ဆိုတဲ့ အချက်ကို နိုင်ငံ့ခေါင်းဆောင်တွေ မျက်ခြည်ဖြတ်ထားလို့ မရပါဘူး။ တပ်ကို စီးပွားရေးသားကြောဖြတ်ပေးဖို့ဟာ အကူးအပြောင်းဖြစ်စဉ်အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ကဏ္ဍတစ်ခု ဖြစ်လာနေပါပြီ။

ဒီမိုကရက်တစ်စနစ် ကူးပြောင်းစ နိုင်ငံတွေမှာ တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့အတွက် စဉ်းစားတဲ့အခါ တပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အားကောင်းနေမှုကို ထည့်သွင်းစဉ်းစားကြလေ့ ရှိပါတယ်။ မြန်မာပြည် အနေအ ထားနဲ့ စဉ်းစားတဲ့နေရာမှာ တပ်ရဲ့ စီးပွားရေးကဏ္ဍကို အလောသုံးဆယ် ကန့်သတ်ဖို့ လုပ်မယ်ဆိုရင် တပ်ရဲ့ ထမင်းအိုးကို ခွဲသလို ဖြစ်နိုင် တယ်ဆိုတဲ့အချက်နဲ့ ဒီကန့်သတ်မှုကြောင့် အာဏာလက်လွှတ်ရသူတွေ၊ အခွင့်အရေးမဲ့ကုန်သူတွေရဲ့ ဒေါသ ကို ဆွသလိုဖြစ်ပြီး ခြေ/ဥ ပေး တပ်ပိုင်အာဏာပါဝါမှန်သမျှကို ထုတ်သုံးပြီး တိုင်းပြည်ကို အကျပ်အတည်း ဖြစ်စေနိုင်ဆိုတာကို နိုင်ငံရေးသမားတွေက ထည့်သွင်း တွက်ဆထားဖို့ လိုပါ တယ်။

ဒီလို အနေအထားမျိုးမှာ နိုင်ငံရေးသမားတွေ ခံတွင်းတွေ့လေ့ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုကိစ္စက အရေးပါလာပါ တယ်။ ခက်တာတစ်ခုကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ အရင်ကတည်းက အကြောင်းအမျိုးမျိုး ပြ ကွဲနေကြတာကြောင့် ဒီကနေ့အချိန်မှာလည်း အားလုံးက သူတို့ အခန်းကဏ္ဍ မပျောက်ရေးနဲ့ ပတ်သက်လို့ အားလုံးပါဝင်ရေးကို ဇောင်းပေးခဲ့ကြတာပါ။ ဒါကြောင့်လည်း သုံးပွင့်ဆိုင်၊ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်ကနေ အပွင့်တွေ ဆယ်နဲ့ချီပြီး ဆိုင်နေပေမယ့် တိုးတက်မှု တစုံတရာကို မမြင်ရခြင်းပဲလို့ ခပ်ဆက်ဆက် ပြောရပါတော့ မယ်။
အနောက် ကမ္ဘာက ဖြစ်စေ၊ အရှေ့ကမ္ဘာက ဖြစ်စေ၊ ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက ဖြစ်စေ၊ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေက ဖြစ်စေ အားလုံးပါဝင်ရေးကို ဘယ်လိုပင် ပြောနေပါစေ။ တကယ်အရေးကြီးသူတွေ တွေ့ ဆုံဆွေးနွေးခြင်းကသာလျှင် နိုင်ငံ့အပြောင်းအလဲအတွက် အခရာ ဖြစ်...
ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးမှာ လတ်တလော ရေပန်းစားနေတဲ့ အားလုံးပါဝင်ရေး All Inclusive ဆိုတာ ထက် တကယ်အရေးကြီးတဲ့ Power Holder တွေဖြစ်တဲ့ NLD နဲ့ စစ်တပ်နဲ့ တွေ့ဆုံ စကားပြောဖို့ပါ။ အနောက် ကမ္ဘာက ဖြစ်စေ၊ အရှေ့ကမ္ဘာက ဖြစ်စေ၊ ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက ဖြစ်စေ၊ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေက ဖြစ်စေ အားလုံးပါဝင်ရေးကို ဘယ်လိုပင် ပြောနေပါစေ။ တကယ်အရေးကြီးသူတွေ တွေ့ ဆုံဆွေးနွေးခြင်းကသာလျှင် နိုင်ငံ့အပြောင်းအလဲအတွက် အခရာ ဖြစ်လာပါလိမ့်မယ်။ ထို့အတူ နိုင်ငံ့အပြောင်း အလဲ အပေးအယူလုပ်မှု ဖြစ်စဉ်တွေကို NLD နဲ့ တပ်ကသာ ဦးဆောင်သွားနိုင်မယ်ဆိုရင် နိုင်ငံရေးအရ ကြီးမား တဲ့ စိတ်ဝမ်းကွဲမှုဖြစ်လာစေနိုင်တာကို လျော့ချနိုင်တဲ့အပြင် တစ်ချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း ကိုပါ ဦးတည်သွားစေနိုင်ပါတယ်။

တွေ့ဆုံဆွေးနွေးမှုရဲ့ တစ်ဖက်မှာလည်း ဒီမိုကရေစီလိုလားသူတွေရဲ့ အခြေခံရည်မှန်းချက်အဖြစ် ဒီမိုကရေစီ အစိုးရကို ထောက်ခံတဲ့ တပ်ဘက်ဆိုင်ရာ မျိုးဆက်သစ် မွေးထုတ်ပေးဖို့နဲ့ တပ်ရဲ့ ရရှိပြီးသား အာဏာပါဝါ ရင်းမြစ်တွေကို လျှော့ချနိုင်ဖို့အတွက် မဟာဗျူဟာစီမံကိန်းတွေ၊ မူဝါတွေ ချမှတ်ရးဆွဲရမှာ ဖြစ်ပါတယ်။ ထို့နည်း တူ ဒါတွေကို အကောင်အထည်ဖော်မယ့် အစိုးရအင်စတီကျူးရှင်းတွေကို တည်ထောင်ရေးကိုလည်း တစ်ပြိုင် နက်တည်း လုပ်ဆောင်ထားဖို့ လိုပါတယ်။

ဒီလိုမျိုး တပ်ကို နိုင်ငံရေးနယ်ပယ်မှာ နေရာယူဖို့ အဓိကပံ့ပိုးပေးထားတဲ့ စီးပွားရေးအရ အားကောင်းမောင်းသန် ဖြစ်နေမှုကို လျှော့ချပြီး တွေ့ဆုံညှိနှိုင်း အဖြေရှာပေးနိုင်သာလျှင် နောင်အနာဂတ်ကာလမှာ ဒီမိုကရက်တစ် အလေ့အကျင့်ကောင်းတွေ၊ အခြေအနေကောင်းတွေကို အုတ်မြစ်ချပေးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။

အောင်ထွန်းလင်း

(၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါးဖြစ်ပါသည်။)
Read More

Friday, June 29, 2018

မြန်မာ့အောင်သံ

လာရာနဲ့ လားရာ ကွဲပြားလာမှုနဲ့ Self-esteem ပျောက်ဆုံးခြင်း

အခိုင်းခံ၊ အခြယ်လှယ်ခံများတွင် Self-esteem ပျောက်ဆုံးလေ့ရှိကြောင်း ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက ရေးသားခဲ့ဖူးသည်။ Self-esteem ဆိုတာဟာ လူသားတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထား လေးစားရိုသေမှုရှိသော စိတ်ဓာတ်လို့ ဆိုထားပါတယ်။ Self-este`em ပျောက်ဆုံးမှုဟာ အခိုင်းခံ၊ အခြယ် လှယ်ခံများချည်းမှာ ဖြစ်တတ်တာ မဟုတ်ပါဘူး၊ ခေါင်းဆောင်မှု ပြုလုပ်သူတွေမှာလည်း ရှိပါတယ်လို့ ဆရာ လူထုစိန်ဝင်းက ဆိုထားပါတယ်။ အခုဆိုရင် Self-esteem ပျောက်ဆုံးမှုဟာ လူမှုလုပ်ငန်းခွင်နယ်ပယ် ကနေ နိုင်ငံရေးအထိ ကူးစက်လာလေပြီလားလို့ မေးခွန်းထုတ်ချင်မိပါတယ်။

ဘာကြောင့်လဲဆိုရင် အများသဘောတူမှု မရှိဘဲ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ နှောင်ကြိုးတွေ ကြောင့်ပါ။ လက်ရှိ တိုင်းပြည်တိုးတက်ရေးအတွက် စီမံလုပ်ကိုင်နေရသည့် NLD အစိုးရကို အရပ်သား အစိုးရလို့ သတ်မှတ်ထားကြပါတယ်။ သို့သော် ၎င်းတို့ ကိုယ်တိုင်သည်ပင်လျှင် အုပ်ချုပ်ခံ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် အဓိက ပင်မဖြစ်တဲ့ အခြေခံဥပဒေကြောင့်ပါ။

NLD ဟာ အစိုးရဖြစ်လာပေမယ့် အားကောင်းမောင်းသန် လုပ်ဆောင်နိုင်တဲ့ မဏ္ဍိုင်ဟာ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်ကိုယ်တိုင် တစ်ခုတည်းမှာပါ။ ဒါပေမဲ့လည်း ၂၀၀၈ အခြေခံဥပဒေပါ ကန့်သတ်ချက်တွေကြောင့် လုပ်သာကိုင်သာ ပတ်ဝန်းကျင် မဖြစ်မှုကလည်း ရှိနေပါတယ်။ ထို့နည်းတူ တခြားတခြားသော အဓိက မဏ္ဍိုင်ဖြစ်တဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ထင်သလောက် ခရီးပေါက်အောင် လုပ်ဆောင်နိုင်မှု မရှိပါဘူး။ ဒါကလည်း NLD ရဲ့ စွမ်းဆောင်နိုင်ရည် ညံ့ဖျင်းလို့ မဟုတ်။ NLD ကို ၂၀၀၈ အခြေခံဥပဒေ အောက် ဆွဲမသွင်းခင် (၀ါ) NLD ကိုယ်တိုင်က စိတ်ပါဝင်စားစွာ ဦးမလျှိုခင်ကလည်း ချမှတ်ထားတဲ့ စစ်အစိုးရရဲ့ စီမံချက်တွေကြောင့်ပါ။
NLD ကို ထောက်ခံမဲ ပေးပြီး အစိုးရ ဖြစ်စေခဲ့တဲ့ လူထူနဲ့ အထိတွေ့ရဆုံး အစိုးရဌာနတွေကို ကြည့်ပြန်ရင်လည်း အရပ်သားသမ္မတ သြဇာမညောင်းတဲ့ စစ်တပ်ပိုင် ပြည်ထဲရေးဌာနရဲ့ လက်အောက်မှာ ရှိနေပြန်...
အုပ်ချုပ်ရေးဘက်ကို ကြည့်မလား။ ၀န်ကြီးဌာနတိုင်းရဲ့ အရေးပါတဲ့ နေရာတိုင်းမှာ စစ်တပ်ထွက် မိုးကျရွှေ ကိုယ်တွေကို အရံသင့် ခန့်ထားပြီး ဖြစ်ပါတယ်။ ထို့နည်းတူ ခေါက်ရိုးကျိုး ပုံသေကားချပ်သမားတွေက တသီတတန်းကြီး ရှိပါသေးတယ်။ NLD ကို ထောက်ခံမဲ ပေးပြီး အစိုးရ ဖြစ်စေခဲ့တဲ့ လူထူနဲ့ အထိတွေ့ရဆုံး အစိုးရဌာနတွေကို ကြည့်ပြန်ရင်လည်း အရပ်သားသမ္မတ သြဇာမညောင်းတဲ့ စစ်တပ်ပိုင် ပြည်ထဲရေးဌာနရဲ့ လက်အောက်မှာ ရှိနေပြန်ပါတယ်။ အဲဒါတွေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၊ ရဲတပ်ဖွဲ့ဝင်တို့ပါ။

တရားရေးဘက်ကို ကြည့်ပြန်ရင်လည်း ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ တရားစီရင်ရေးစနစ် ဖြစ်နေပြီး အရင့်အရင် စစ်အစိုးရလက်ထက် ရေးဆွဲခဲ့တာကြောင့် လူထုကိုးစားလို့ ရတဲ့ စနစ်ဖြစ်မနေဘဲ အာဏာရှင်သက်ဆိုးရှည်ရေးကိုသာ ကာကွယ်ပေးနေသလို ဖြစ်နေပါတယ်။ ခြစားမှုတွေနဲ့ ပုပ်ဟောင်နေပြီး အကျင့်ပျက်မှုတွေကြောင့် ယုံကြည်မှု ကင်းမဲ့ခံနေရတဲ့ အခြေအနေပါ။

နောက်ထပ် တစ်ခုကတော့ မဏ္ဍိုင်လေးရပ်မှာ မပါပေမယ့် မဏ္ဍိုင်တစ်ခုသဖွယ် တစ်ထီးတစ်နန်း ဖြစ်နေတဲ့ စစ်တပ်ပါပဲ။ အခြေခံဥပဒေအရ သမ္မတသည် နိုင်ငံ့အကြီးအကဲ၊ နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲလို့ ဘယ်လိုပင် ဆိုထားစေကာမူ စစ်တပ်သည် ခြေ/ဥပါ ပြဋ္ဌာန်းကာကွယ်ချက်တွေကြောင့် ကင်းလွတ်မြဲ လွတ် နေပါတယ်။ လုံခြုံရေးနဲ့ ကာကွယ်ရေး အကြောင်းပြပြီး ပြည်သူတစ်ရပ်လုံးကို စစ်မှုထမ်းခိုင်းနိုင်တဲ့ ပါဝါ အာဏာကို စစ်တပ်အတွက် ခြေ/ဥက ပေးထားပါသေးတယ်။

ဒါတွေ အားလုံးသည် ၂၀၀၈ အခြေခံဥပဒေကြောင့် ဖြစ်ပေါ်လာရတဲ့၊ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပါ။ ဒါဆိုရင် လက်ရှိ အစိုးရဟာ Self-esteem ပျောက်ဆုံးနေတယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်။ ဘာကြောင့် လဲဆိုရင် အစိုးရသည် အခြေခံဥပဒေက ပေးထားတဲ့လမ်းကြောင်းအတိုင်း လျှောက်နေရတာအတွက် ကြောင့်ပါ။
အာဏာရှင်စနစ်အောက်၊ စစ်အစိုးရခေတ်အောက်မှာ တောင် ဦးခေါင်းမလှည့်စတမ်း ရပ်တည်ချက်မှန်မှန်နဲ့ လူထုဘက်က ရပ်တည်ခဲ့သူပါ။ ဒီအဖြစ်အပျက်တွေ သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ ခြေ/ဥ အောက် ခေါင်းတိုးဝင်ပြီးနောက်...
NLD သည် ရှစ်လေးလုံးကာလအလွန် ၁၉၉၀ ကတည်းက အတိုက်အခံအဖြစ် ရပ်တည်ပြီး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်၊ စစ်အစိုးရခေတ်အောက်မှာ တောင် ဦးခေါင်းမလှည့်စတမ်း ရပ်တည်ချက်မှန်မှန်နဲ့ လူထုဘက်က ရပ်တည်ခဲ့သူပါ။ ဒီအဖြစ်အပျက်တွေ သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ ခြေ/ဥ အောက် ခေါင်းတိုးဝင်ပြီးနောက် ပျောက်ဆုံးကုန်ပါ တယ်။ ပျောက်ဆုံးကုန်တာဟာ လူတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းကြောင့် မဟုတ်ဘဲ ခြေ/ဥကြောင့်ပါ။

ဒီကန့်သတ် ပိတ်ဆို့ခံရမှုတွေက NLD ရဲ့ လာရာဖြစ်တဲ့ အတိုက်အခံကောင်းဘ၀ကနေ ဈာန်လျှောစေ လာပါတော့တယ်။ လူယုံထား သက်ကွင်း ပြင်ထားတဲ့ အခြေအနေတွေ၊ ခြေ/ဥအပါအ၀င် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်း  ကန့်သတ်ချက်တွေက ဆူးကြားထဲက ပူဖောင်းလို ဖြစ်စေပါတယ်။ ဒါဟာ NLD လာရာ ဖြစ်တဲ့ လမ်းကြောင်းကို သွားဖို့အတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။

Self-esteem ဟာ အခိုင်းခံ၊ အခြယ်လှယ်ခံမှာမှ ဖြစ်တတ်တာ မဟုတ်ပါဘူး။ ဦးဆောင် ဦးရွတ်ပြုသူတွေ မှာလည်း ရှိတတ်ပါတယ်။ အဲဒါကတော့ ကိုယ်ရဲ့ လာရာနဲ့ လားရာ မတူညီတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။  ကိုယ်သွားချင်တာ စစ်မှန်တဲ့ ဒီမိုကရေစီခေတ်နဲ့ လူထုကို အကျိုးဖြစ်စေလိုမှု၊ လားရာက လူထုကို ကျပ်သ ထက် ကျပ်တည်းအောင်၊ ရေရာထားတဲ့ ဒီမိုကရေစီအနေအထားမျိုး ဖြစ်နေတဲ့အခါမျိုးမှာ ဦးဆောင်ဦးရွတ် ပြုသူတွေဟာ Self-esteem ပျောက်ဆုံးတတ်ပါတယ်။

သူများက ယုံကြည်ကိုးစားလာအောင် ရာထူးအာဏာနဲ့ လုပ်ယူလို့ ရပါတယ်။ ဒါပေမဲ့လည်း Self-esteem ဖြစ်အောင်တော့ ရာထူးအာဏာ ပါဝါတွေနဲ့ လုပ်လို့ မရပါဘူး။ ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် မလုံမလဲ ဖြစ်လာ တဲ့အခါမျိုးမှာ မိမိလာရာနဲ့ လားရာကို မနှစ်မြို့ ဖြစ်လာတတ်ပြီး အဲဒီအချိန်ကာလမှာ Self-esteem က ပျောက်ကွယ်တတ်ပါတယ်။ လူထုရဲ့ လိုလားချက်ကို သိနေချိန် အကန့်အသတ်တွေကြောင့် မလုပ်ပေးနိုင် တဲ့အခါမျိုးမှာ ငါ ရွေးချယ်တဲ့လမ်းဟာ မှန်ကော မှန်သေးရဲ့လား၊ ပြင်ဆင်လို့ ရပါ့မလားဆိုတဲ့ စိတ်တွေဟာ Self-esteem ကို ကျဆင်းစေတတ်ပါတယ်။ ဒါမျိုးကို လက်ရှိ NLD ပါတီခေါင်းဆောင်းပိုင်း၊ NLD အစိုးရထိပ် ပိုင်းခေါင်းဆောင်တွေမှာ မဖြစ်ဘူးလို့ အတတ်ပြောလို့ မရပါဘူး။ ခြေ/ဥ ကို ၀င်ပြင်မယ်ဆိုပြီး ရွေးကောက်ပွဲ ၀င်ခဲ့ပြီး တကယ်တမ်း ပြင်ဖို့ ခက်ခဲပါတယ်လို့ ပြောဆိုလာမှုတွေက NLD ဘက်မှာ ရှိနေပါပြီ။
ထိရခက်တဲ့ ခြေ/ဥ၊ အဘက်ဘက်က ပညာပြဖို့ စိုင်းပြင်းနေတဲ့ လူတစ်စု၊ တစ်ထီးတစ်နန်းနဲ့ သေနတ်ရမ်းပြ နေတဲ့ စစ်တပ်၊ လာသမျှ အိပ်ထဲထည့် လူထုအတွက် အားမကိုးရတဲ့ တရားရေး။ ဒါ့အပြင် အတိုက်အခံဘ၀ က လာခဲ့လို့ တိုက်မယ်၊ ခိုက်မယ်၊ တွန်းမယ်၊ ထိုးမယ်ဆိုရင် အားကောင်းပေမယ့် ကိုယ်ကိုယ်တိုင်က တည် ဆောက်သူဖြစ်တဲ့အခါမှာ အားကောင်းမောင်းသန် မဖြစ်တဲ့ NLD ရဲ့ လက်ရှိ အနေအထား...
ထိရခက်တဲ့ ခြေ/ဥ၊ အဘက်ဘက်က ပညာပြဖို့ စိုင်းပြင်းနေတဲ့ လူတစ်စု၊ တစ်ထီးတစ်နန်းနဲ့ သေနတ်ရမ်းပြ နေတဲ့ စစ်တပ်၊ လာသမျှ အိပ်ထဲထည့် လူထုအတွက် အားမကိုးရတဲ့ တရားရေး။ ဒါ့အပြင် အတိုက်အခံဘ၀ က လာခဲ့လို့ တိုက်မယ်၊ ခိုက်မယ်၊ တွန်းမယ်၊ ထိုးမယ်ဆိုရင် အားကောင်းပေမယ့် ကိုယ်ကိုယ်တိုင်က တည် ဆောက်သူဖြစ်တဲ့အခါမှာ အားကောင်းမောင်းသန် မဖြစ်တဲ့ NLD ရဲ့ လက်ရှိ အနေအထားတွေက လာရာနဲ့ လားရာက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လို့ လာနေပါပြီ။ ထိလို့ ရသမျှကိုသာ ထိတွေ့လုပ်ကိုင်နေရတဲ့ NLD သည် ၁၉၈၈ အရေးအခင်းက ဖြစ်တည်လာတဲ့ NLD မဟုတ်တော့။ ခြေ/ဥ အလိုကျ ကပြအသုံးတော်ခံနေ။

တကယ်တော့ ဒီလို အခြေအနေတွေ အားလုံးဟာ စစ်အာဏာရှင် အလိုကျ စစ်တပ် အာဏာမြဲရေးကို အဓိကထားတဲ့ ၂၀၀၈ အခြေခံဥပဒေကြောင့်ပါပဲ။ ရှေ့ကို တိုးလိုတဲ့ NLD အတွက် ကန့်လန့်ခံရုံတင်မက နောက်ကိုပါ ပြန်ဆွဲစေတဲ့ ဒီဥပဒေကြောင့်ပါ။ ပြင်ဆင်မယ်လို့ ဆိုပေမယ့် ပြင်ဆင်ဖို့တောင် ခက်ခဲလှတဲ့ ဒီခြေ/ဥ ကို ကာကွယ်နေရတာဟာ ကိုယ့်ကို နှိပ်စက်ကလူ ပြု နားရင်းရိုက်နေသူကို မာစတာ၊ မာစတာနဲ့ ခေါ်နေရတဲ့ ဘ၀ ဖြစ်နေပါတယ်။

ဒီအနေအထားက လွတ်မြောက်ပြီး Self-esteem ရှိရှိ ရပ်တည်နိုင်ဖို့ NLD အတွက် ထွက်ပေါက်က တစ်ခုတည်းပါ။ ဒါဟာ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးပါပဲ။ ဒီလို လုပ် ဆောင်ဖို့ ခက်ခဲတယ်ဆိုပေမယ့် ဒါဟာ NLD အတွက် အရေးအပါဆုံး မှတ်တိုင်တစ်ခုလို့ ဆိုရမှာပါ။

အောင်ထွန်းလင်း


(၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီးဆောင်းပါး ဖြစ်ပါသည်။)
Read More

Wednesday, June 27, 2018

မြန်မာ့အောင်သံ

အခြေခံဥပဒေကစားကွင်းပေါ် တက်လာတဲ့ NLD နဲ့ တပ်

အာဏာရ အမျိုးသားဒီမိုကရေစီ အစိုးရ ဖြစ်တဲ့ နေပြည်တော်ထိုင် ဗဟိုအစိုးရကြီးက တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ လိုက်နာဆောင်ရွက်ရန်ဆိုပြီး ညွှန်ကြား ချက် ထွက်လာတော့ အံ့သြမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အစိုးရဖြစ်သူတိုင်းသည် ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေပါမယ်ဆိုပြီး ကတိက၀တ်တွေ ပြုထားကြသူများ မဟုတ်ပါလား။

တိုက်တိုက်ဆိုင်ဆိုင် ဒီညွှန်ကြားချက် ထွက်မလာခင် ထူးခြားမှု ဖြစ်စဉ်တစ်ခုက ရှိခဲ့ပါသေးတယ်။ အဲဒါက တော့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက အစိုးရ နှစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ အကြောင်းအရာပါ။ အဲဒါကတော့ တပ်မတော်ရဲ့ထိုးစစ်တွေကို ရပ်တန့် ဖို့ သမ္မတက ဥပဒေနဲ့အညီ အမိန့်ပေးလာရင် မလိုက်နာ၊ မဆောင်ရွက်နိုင်စရာ မရှိပါဘူးဆိုတဲ့ ကိစ္စပါ။ ဒီလို ပြောဆိုမှုတွေနောက်ပိုင်း သမ္မတရုံးရဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာပါဆိုတဲ့ ညွှန်ကြားချက်က မပြေးသော် လည်း ကန်ရာရှိဆိုသလို ဖြစ်လို့ နေပါတယ်။ အကြောင်းအရင်း တစုံတရာမရှိဘဲနဲ့တော့ အခြေခံဥပဒေကို ကိုင်ပြီးတော့ သမ္မတရုံးဘက်က ထွက်လာစရာတော့ မရှိဘူးဆိုတာ နိုင်ငံရေးကို စိတ်ပါဝင်စားသူတိုင်း တောင် သိနိုင်တဲ့အချက်ပါ။

သမ္မတရဲ့ အမိန့်ကို နာခံပြီး လုပ်နေတာပါလို့ ဆိုတာဟာ အခုမှ မဟုတ်ပါဘူး။ မကြာသေးမီ အချိန်တုန်းက လည်း တပ်မတော် အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဒီလိုစကားမျိုးကို ပြောထားဖူးပါသေး တယ်။ ဒီနေရာမှာ တစ်ခုပဲ ထူးခြားတာပါ။ အဲဒါက အမြဲတမ်းအတွင်းဝန် ပြောစကားအရဆိုရင် တပ်မတော် သည် ပြည်တွင်းလက်နက်ကိုင်ကိစ္စတွေမှာ ထိုးစစ်ဆင်မှု လုပ်နေတယ်ဆိုတာကို ၀န်ခံလိုက်တဲ့ သဘော ပါဝင်နေတယ်ဆိုတာပါ။ ဒါကို ထားတော့။

နိုင်ငံတော်၏ အခြေခံမူအရ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်လို့ ပါရှိပါတယ်။ ဖွဲ့စည်းပုံအရ လွှတ်တော်အရပ် ရပ်တွင် ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရထားသည်။ ပြည်ထောင်စုအဆင့်သာမက တိုင်း/ပြည်နယ်၊ ပြည်ထောင် စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနဲ့ ခရိုင်အုပ်ချုပ်ရေးတို့မှာ ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ် အုပ်ချုပ်ရေးတို့အတွက် ကာချုပ်က နာမည်စာရင်းတင်သွင်းသူ တပ်မတော်သားတွေ ပါဝင်ခွင့် ရထားပြန်ပါ တယ်။

တပ်နဲ့ ပတ်သက်တဲ့ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ခွင့်ရထားသလို လက်နက်ကိုင်တပ်အားလုံး ၏ အကြီးအကဲသည် ကာချုပ် ဖြစ်သည်။ နိုင်ငံ့လုံခြုံရေးနဲ့ ကာကွယ်ရေးတွေမှာ ပြည်သူတစ်ရပ်လုံး ပါဝင် ရေးအတွက် စီမံဆောင်ရွက်ခွင့် ရထားပြန်ပါသေးတယ်။ နိုင်ငံ့အာဏာ သိမ်းပိုင်ခွင့်ရှိတဲ့ အမျိုးသား ကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အလိုအလျောက် ငါးနေရာ ရထားပါတယ်။ နိုင်ငံတွင်း လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကွဲမှုအောက်တွင် ရှိရမည်လို့လည်း ခြေ/ဥက အာဏာပေးထားပါ တယ်။

နိုင်ငံသမ္မတနှင့် ဒုသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုပြီး သမ္မတသည် နိုင်ငံ့အကြီးအကဲ၊ အထွတ်အထိပ်ဖြစ်တယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ တပ်ချုပ်ကိုတောင် ကာ/လုံအဖွဲ့ အဆိုပြုထောက်ခံချက်နဲ့ သမ္မတက ခန့်အပ်ရမယ်လို့ ဥပဒေက ဆိုထားပါတယ်။ ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် တိုင်းနှင့် ပြည်နယ်အဆင့်အလိုက် အစိုးရများသည် သမ္မတကို တာဝန်ခံရမည် ဖြစ်ပါတယ်။
တပ်သည် တပ်နှင့် သက်ဆိုင်သော ပါဝါအာဏာ အကုန်ရထားသလို အရပ်ဘက် အုပ်ချုပ်ရေးအောက် ကဏ္ဍတချို့မှာ လည်း အာဏာ ၀င်ယူထားပါသေးတယ်။ သမ္မတသည် အရပ်ဘက်အုပ်ချုပ်ရေးအကြီးအကဲဟု ဆိုသော်ငြား လည်း တပ်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ သြဇာအာဏာ မရှိ...
နှစ်ဘက်စလုံးအတွက် ဒါဟာ နိုင်ငံအမြင့်ဆုံး အခြေခံဥပဒေက ပေးထားတဲ့ အာဏာပါဝါတွေပါ။ တပ်သည် တပ်နှင့် သက်ဆိုင်သော ပါဝါအာဏာ အကုန်ရထားသလို အရပ်ဘက် အုပ်ချုပ်ရေးအောက် ကဏ္ဍတချို့မှာ လည်း အာဏာ ၀င်ယူထားပါသေးတယ်။ သမ္မတသည် အရပ်ဘက်အုပ်ချုပ်ရေးအကြီးအကဲဟု ဆိုသော်ငြား လည်း တပ်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ သြဇာအာဏာ မရှိ။ တပ်ချုပ်ကို ကာ/လုံသဘောတူညီချက်နဲ့ ခန့်အပ် နိုင်တယ်လို့ ဆိုထားသော်လည်း ကာ/လုံအတွင်း တပ်အစုအဖွဲ့အင်အားက ပိုအားသာနေပါတယ်။  ရှင်းရှင်း ပြောရလျှင် သမ္မတဟာ နိုင်ငံအကြီးအကဲလို့ မည်သို့ပင်ဆိုစေ တပ်က တပ်သပ်သပ်၊ အရပ်ဘက်က အရပ် ဘက်သပ်သပ် ဖြစ်နေပါတယ်။ တည့်တည့်ပြောရမယ်ဆိုရင် အစိုးရနှစ်ရပ် တိုက်ရိုက်အုပ်ချုပ်သလို ဖြစ်နေ ပါတယ်။
အရပ်သားသမ္မတ တက်လာပြီဟု မည်ကာမတ္တ ဆိုနိုင်သော်ငြားလည်း လုပ်ပိုင်ခွင့်အာဏသည် အကန့်အသတ်နဲ့သာ ရှိနေ...
၂၀၀၈ ခြေ/ဥက ပေးထားတဲ့ အာဏာနဲ့ NLD လိုမျိုး အရပ်သားအစိုးရ ပေါ်လာပြီ၊ အရပ်သားသမ္မတ တက်လာပြီဟု မည်ကာမတ္တ ဆိုနိုင်သော်ငြားလည်း လုပ်ပိုင်ခွင့်အာဏသည် အကန့်အသတ်နဲ့သာ ရှိနေပါ တယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် တိုက်ပွဲရပ်လို့ အမိန့်ပေးနိုင်တာဟာ သမ္မတသည် စစ်ဘက် အကြီးအကဲဟောင်း ဖြစ်နေတာရယ်၊ Agenda အရရယ်ကြောင့်သာ ရပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီ Agenda တွေထဲမှာ တပ်အပေါ် တစုံတရာ လွှမ်းမိုးမှုရှိတဲ့ တရုတ်ကြောင့်လို့ ဆိုရင်လည်း မမှားပါဘူး။

ဒါပေမဲ့ အခုလက်ရှိ NLD အစိုးရမှာ တပ်ကို သြဇာလွှမ်းမိုးနိုင်သူ တစုံတစ်ယောက်မှ မပါဝင်ပါဘူး။ တပ်ကို စည်းရုံးရေးသဘောနဲ့သာ ဆက်ဆံနေရတဲ့ အနေအထားပဲ ရှိပါတယ်။ တပ်အုပ်ချုပ်မှုအောက် အဖွဲ့အစည်း တွေက ခလုပ်တစ်ခု ဖွင့်လိုက်တာနဲ့ ဒီမိုကရေစီ ကြွေးကြော်ထားတဲ့ NLD အတွက် လုပ်ကိုင်ရ ကျပ်တည်း ကုန်ပြီး အာဏာရှင်အစိုးရလို့တောင် တချို့သောသူများက စွပ်စွဲကုန်တယ် မဟုတ်ပါလား။

အခု တပ်ဘက်က သမ္မတအမိန့်ပေးရင် ရပ်မယ်လို့ ဆိုလာသလို NLD ဘက်ကလည်း ခြေ/ဥပါ ပြဋ္ဌာန်း ချက်တွေကို လိုက်နာဖို့ ဆိုလာပါပြီ။ NLD က ညွှန်ကြားချက်သည် တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ရည်ညွှန်းပေမယ့်လည်း ဒီအစိုးရအဖွဲ့ဝင်များသည် NLD ၏ လူများသာ။ NLD ဗဟိုက ရှင် ဆို ရှင်၊ သေ ဆို သေ၊ ထွက် ဆို ထွက်ကြရမယ့်သူတွေချည်းပါပဲ။ ဒါဆိုရင် NLD ရဲ့ ရည်ညွှန်းမှုသည် NLD ၀င်နှင့် NLD ခန့်ထားသူများမဟုတ်သော တပ်ဘက်ဆိုင်ရာ ခန့်ထားသူများကို ဆိုလိုခြင်းသာ ဖြစ်ကြောင်း သိသာထင် ရှားစေပါတယ်။

ဒီနေရာမှာ တပ်ဘက်က ခြေ/ဥ ကို ကိုးကားပြီး သမ္မတသည် နိုင်ငံအကြီးအကဲ ဖြစ်တာမို့ သမ္မတက အမိန့် ပေးရင် ထိုးစစ်ရပ်ပါမယ်လို့ ထုတ်ဖော်ပြောဆိုလာခြင်းအပေါ် NLD ကလည်း ခြေ/ဥ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုကြောင်း ထုတ်ဖော်ပြောလိုက်ပါပြီ။ ဒါဟာ ကောင်းတဲ့လက္ခဏာလို့ မှတ်ယူရမယ့် အခြေအနေပါ။ ဒါဟာ နိုင်ငံရေးကစားကွင်း ပြောင်းလာတယ်လို့ သုံးသပ်ရမှာပါ။
တပ်သည် လက်နက်နဲ့ ပါဝါကို လက်ကိုင်ထား ကစားခဲ့ပြီး NLD သည် လူထုအားနဲ့ ဒီမိုကရေစီ အခြေခံမူတွေ လက်ကိုင်ထား ကစားခဲ့ကြ...
အရင်က မြန်မာနိုင်ငံရေးကစားကွင်းမှာ တပ်သည် လက်နက်နဲ့ ပါဝါကို လက်ကိုင်ထား ကစားခဲ့ပြီး NLD သည် လူထုအားနဲ့ ဒီမိုကရေစီ အခြေခံမူတွေ လက်ကိုင်ထား ကစားခဲ့ကြသည်။ ဒီကစားကွင်း အနေအထား ဟာ ၁၉၈၈ အရေးတော်ပုံလွန်ကာလကနေ ဒီကနေ့ NLD အစိုးရ တက်လာချိန်ထိပါပဲ။ ဒါပေမဲ့လည်း ဒီက နေ့ ကစားကွင်းနေရာနဲ့ ပုံစံ ပြောင်းလာပြီ။ လူထုမကြိုက်တဲ့ အခြေခံဥပဒေအပေါ် တည်ထားတဲ့ ကစား ကွင်း ဖြစ်လာပါပြီ။ ဒါဟာ ယဉ်ကျေးတဲ့ ပြိုင်ဆိုင်မှုဖြစ်လာဖို့အတွက် ရေခံမြေခံကောင်းလို့ပဲ သုံးသပ်ချင်ပါတယ်။

တပ်ဘက်ကလည်း ခြေ/ဥ က ပေးထားတဲ့ ပါဝါအာာဏာကို အစွမ်းကုန်သုံးပြီး အမျိုးသားနိုင်ငံရေးကဏ္ဍမှာ ဦးဆောင်နိုင်ဖို့ ကြိုးစားနေဦးမှာ ဖြစ်ပါတယ်။ NLD (၀ါ) NLD သမ္မတ ဦးဝင်းမြင့်အနေနဲ့ ခြေ/ဥက ပေးထားတဲ့ ပါဝါအာဏာကို အခုတော့ စထုတ်ပြနေပါပြီ။ သို့သော် နှစ်ကာလကြာရှည် ခိုင်မာကျစ်လစ်စွာ ဖွဲ့စည်းထားတဲ့ တပ်ဘက်ကို ယှဉ်ပြိုင်ဖို့အတွက်ဆိုရင် NLD ဘက်က ကိုယ်ခံအားကောင်းပြီး အကွက်မြင်ဖို့ လိုနေပါပြီ။ ခြေ/ဥ ကို မျက်လှည့်ပြပြီး သမ္မတနီးပါး အာဏာရှိတဲ့ အတိုင်ပင်ခံရာထူးမျိုး ဖန်တီးပြခဲ့သလိုမျိုး လုပ်ပြနိုင်ရပါတော့မယ်။ ဒီလိုမှ မဟုတ်ရင်ဖြင့် စကတည်းက သမ္မတကို အကြီးအကဲနေရာထားပြီး တပ်ကို အာဏာပေးထားတဲ့ အခြေခံဥပဒေကို ကိုင်တွယ်ကစားနိုင်ဖို့ဆိုတာ မလွယ်ကူဘူးဆိုတာ မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။

အောင်ထွန်းလင်း

(၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
Read More
မြန်မာ့အောင်သံ

မူးယစ်သတင်းပေး ဆုငွေအပေါ် အခွန်ကင်းလွတ်ခွင့် ပေးမည်

ရန်ကုန်၊ ဇွန် ၂၇

မူးယစ်ဆေးဝါး ကုန်သည်အပါအ၀င် ရောင်းဝယ်ဖောက်ကားသူများကို သတင်းပေးတိုင်ကြားသူ၊ ဖမ်းဆီးပေးသူများအား နိုင်ငံတော်က ချီးမြှင့်သည့် ဆုငွေအပေါ် အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇွန်လ ၂၆ ရက်တွင် ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ကာ အခွန်ကင်းလွတ်ခွင့်ပေးမည့်အပြင် ဖမ်းဆီးမိသည့် တန်ကြေးအလိုက် သင့်လျော်သည့် အချိုးအစားဖြင့် ပြန်လည်ခွဲဝေပေးမည်လည်း ဖြစ်သည်။

“သတင်းပေးတိုင်ကြားသူတွေရဲ့ တိုင်ကြားမှု၊ ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ ဖော်ထုတ်ဖမ်းဆီးမှုတွေကြောင့် ဖော်ထုတ် အရေးယူမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ်ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရ သင့်တင့်လျောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးမှာ ဖြစ်ပါတယ်။ သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးရာမှာ သူတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာမဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေဖြစ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို ထိရောက်သည့် ပြစ်ဒဏ်ပေးရေးနှင့် စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်ရာတွင် သတင်းပေါက်ကြားမှု မဖြစ်စေရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။

အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော မှုခင်းများကို ဆက်တိုက်ပြုလုပ်ရှိရာ ယခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၁၉ ရက်အထိ အမှုပေါင်း ၂၂၄၁ မှုရှိခဲ့ပြီး တရားခံပေါင်း ၃၁၇၅ ဦးကို အရေးယူခြဲ့ပီးလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုပေါင်းမှာမူ ၁၃၆၄၀ မှု ရှိပြီး ကာလတန်ကြေးအားဖြင့် ကျပ်သန်းပေါင်း ၅၂၀,၀၀၀ ကျော် ရှိပြီ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Read More