Tuesday, August 23, 2016

မြန်မာ့အောင်သံ

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ်မှ ဦးသိန်းစိန် နားပြီ

Photo by news.xinhuanet.com
ရန်ကုန်၊ သြဂုတ် ၂၃

လက်ရှိကျင်းပနေသည့် ကြံ့ခိုင်ရေးပါတီညီလာခံ၌ ပါတီအားခေါင်းဆောင်မည့်သူများကို ပြန်လည်ရွေးချယ်ခဲ့ပြီးနောက် လက်ရှိပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ပါတီဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦးတို့ အနားယူသွားပြီ ဖြစ်ကြောင်း ပါတီညီလာခံ တက်ရောက်နေသူများထံမှ သိရသည်။

အသစ်ပြင်ဆင်လိုက်သည့် ပါတီဖွဲ့စည်းပုံအရ ဥက္ကဋ္ဌအဖြစ် ဦးသန်းဋ္ဌေး၊ ဒုဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်းတို့ တာဝန်ယူကြမည် ဖြစ်သည်။

အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသက်နိုင်ဝင်း၊ အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဒေါက်တာကျော်ကျော်ဋ္ဌေး၊ ဦးတင်အောင်ချစ်၊ ဒေါ်စန်းစန်းနွယ်တို့ ပါဝင်မည် ဖြစ်သည်။

အသစ်ခန့်အပ်ခံရသည့် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှာ ဗိုလ်မှူးချုပ် (အငြိမ်းစား) အဖြစ် တပ်ဘက်မှ အနားယူခဲ့ပြီးနောက် အရပ်ဘက်တွင် ဒုဝန်ကြီး၊ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ ဦးမြတ်ဟိန်းမှာလည်း ဗိုလ်ချုပ်ကြီး (ငြိမ်း) ဖြစ်ကာ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးသက်နိုင်ဝင်းမှာလည်း ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဖြစ်သည်။

ပါတီဥက္ကဋ္ဌအဖြစ် အနားယူသွားခဲ့သူ ဦးသိန်းစိန်နှင့် ဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦးတို့မှာ ပါတီဗဟို နာယကအဖွဲ့ဝင်များအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ကာ အခြားသော ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် သူရဦးအေးမြင့်၊ ဦးသောင်း၊ ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးတင်ထွဋ်၊ သူရဦးမြင့်မောင်နှင့် ဦးခင်အောင်မြင့်တို့မှာလည်း ပါတီဗဟိုနာယကအဖွဲ့ဝင်များ အဖြစ် ဆက်လက်ရှိနေဦးမည် ဖြစ်သည်။

ထို့ပြင် ပါတီဗဟို အတိုင်ပင်ခံအဖွဲ့အဖြစ် ယခင်ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဦးအုန်းမြင့်၊ ဦးသိန်းအောင်၊ ဦးကျော်ဆန်း၊ ဦးသိန်းညွန့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးသိန်းဇော်၊ ဦးစိုးသိန်း၊ ဦးရဲမြင့်၊ ဦးသာအေး၊ ဦးဉာဏ်ဝင်း၊ ဦးတင်နိုင်သိန်း၊ ဦးမောင်မောင်ဆွေ၊ ဦးဟုန်ငိုင်း၊ ဦးမြတ်ကို၊ ဦးဘုန်းမော်ရွှေ၊ ဦးစ၀်အောင်မြတ်၊ ဦးနန္ဒကျော်စွာတို့ ပါဝင်မည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

မြန်မာ့အောင်သံ

About မြန်မာ့အောင်သံ -

Aung Htun Linn.. TThe Hurrah Myanmar News Agency | မြန်မာ့အောင်သံ.

Subscribe to this Blog via Email :