Friday, March 11, 2016

မြန်မာ့အောင်သံ

အမျိုးသားလွှတ်တော် သမ္မတလောင်း အမည်စာရင်း တင်သွင်းခံရသူများ၏ ကိုယ်ရေးအကျဉ်း

ရန်ကုန်၊ မတ် ၁၀

ဒုတိယသမ္မတလောင်းအဖြစ် အမျိုးသားလွှတ်တော် အစုအဖွဲ့မှ NLD ပါတီမှ ဦးဟင်နရီ ဗန်ထီးယူနှင့် ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်တို့အား မတ်လ ၁၀ ရက်တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်သည်။

အမည်စာရင်း တင်သွင်းခံထားရသူများနှင့် ပတ်သက်၍ မည်သူမည်ဝါတို့ ဖြစ်သည်ကို စာဖတ်ပရိသတ်များ သိရှိနိုင်စေရန်အတွက် ၄င်းတို့၏ ကိုယ်ရေးအချက်အလက် (အကျဉ်း) အား ဖော်ပြလိုက်ပါသည်။

ဦးဟင်နရီဗန်ထီးယူ (NLD မှ အမည်စာရင်းတင်သွင်းခံရသူ)

ဥပဒေအဓိကဖြင့် B.A ဘွဲ့ရထားပြီး စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ ဦးဟင်နရီဗန်ထီးယူမှာ ချင်းပြည်နယ် မဲဆန္ဒနယ် (၃) မှ NLD ကိုယ်စားပြု အနိုင်ရ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် မွေးဖွားခဲ့သူ ဖြစ်သည်။

တိုင်းရင်းသားအရေး ရှေ့တန်းတင် လုပ်ကိုင်မည်ဟု ပြောဆိုထားသူ ဦးဟင်နရီဗန်ထီးယူမှာ အစိုးရ၀န်ထမ်းအဖြစ် စစ်ဘက်၊ အရပ်ဘက် နှစ်ခုစလုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ခလရ (၄၆) ပူတာအို၊ ခလရ (၄၀) ဟူပြင်၊ ခလရ (၂၂၃) မိုးမိတ်၊ စဗဟ (၂)၊ ရတခ (ဘားအံ)၊ ရတခ (မော်လမြိုင်)၊ ခမရ (၅၃) သီပေါ၊ ခမရ (၄) အင်းမ တို့တွင် စစ်မှုထမ်းခဲ့သည်။

ယင်းနောက် ဗာဂျီးနီးယားစက်ရုံမှူး (မန္တလေး)၊ ဒုအထွေထွေ မန်နေဂျာ စီမံခန့်ခွဲရေးဌာန (စက်မှု - ၁) နှင့် အရက်ချက်စက်ရုံမှူး (ဘီးလင်း) တို့တွင် အရပ်ဘက် တာဝန်များ ထမ်းဆောင်ခဲ့ဖူးသည်။

ဦးခင်အောင်မြင့် (ကြံ့ခိုင်ရေးပါတီမှ အမည်စာရင်းတင်သွင်းသူ)

ဦးခင်အောင်မြင့်မှာ စစ်အစိုးရလက်ထက်မှ အရပ်သား အစိုးရဟု အမည်ခံထားသော အစိုးရသစ်လက်ထက်တွင် ပထမဆုံး ပြည်ထောင်စု လွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်သည် ကာကွယ်ရေးဝန်ကြီးဌာနတွှင် ၁၉၆၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ဒုတပ်မမှူးအဆင့်အထိ အဆင့်ဆင့်တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတွှင် ဗိုလ်ချုပ် ရာထူးအထိ ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။

ယင်းနောက် ၂၀၀၆ ခုနှစ် ၂၀၁၀ ခုနှစ်အထိ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလတွှင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစား ယူခဲ့ပါသည်။ လမ်းပြမြေပုံ (၇) ချက်ကို အကောင်အထည်ဖော်ခဲ့သည့် အမျိုးသား ညီလာခံကျင်းပစဉ် ကာလတွင်လည်း တစ်လျှောက်လုံး ပါဝင်ခဲ့သူဖြစ်ကာ စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ် (၁၉) ခုနှင့် ၂၀၁၁ ခုနှစ်တွင် သီရိပျံချီဘွဲ့ ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်အတွင်း ဆီးသီးဗန်းမှောက်ခြင်းကို ဥပမာပေး၍ ပြောကြားခဲ့မှုကြောင့် လူသိများခဲ့သူလည်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ၏ အတိုပင်ပင်ခံလည်း ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ

မြန်မာ့အောင်သံ

About မြန်မာ့အောင်သံ -

Aung Htun Linn.. TThe Hurrah Myanmar News Agency | မြန်မာ့အောင်သံ.

Subscribe to this Blog via Email :