Saturday, October 8, 2016

မြန်မာ့အောင်သံ

ရတနာထုပ် ပြန်ပေးခဲ့သည့် အငှားယာဉ်မောင်းအား ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်အတိုင်ပင်ခံ ရွေးချယ်

ရန်ကုန်၊ အောက်တိုဘာ ၈

ယာဉ်ပေါ်တွင် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိ ကျောက်မျက်ရတနာများအား ကျန်ရစ်ခဲ့သည်ကို ပိုင်ရှင်ထံ ပြန်လည် အပ်နှံခဲ့သည့် အငှားယာဉ်မောင်း ဦးသန်းထိုက်ကျော်အား ကိုယ်ကျင့်သီလနှင့် ပတ်သက်၍ အတုယူဖွယ်ရာအဖြစ် မှတ်တမ်းတင်ကာစက်တင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်လိုက်သည်။

စက်တင်ဘာလ ၂၄ ရက် ညနေပိုင်းက ဦးသန်းထိုက်ကျော် မောင်းနှင်သည့် အငှားယာဉ်အား ရတနာထုပ်ပိုင်ရှင်မှာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့မှ ပန်းဆိုးတန်းအထိ ကားငှားရမ်းခဲ့ရာ အဆိုပါကားပေါ်တွင် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်တန်ဖိုးရှိ ရတနာထုပ် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ဦးသန်းထိုက်ကျော်မှ ကားသန့်ရှင်းရေး ပြုလုပ်စဉ် ကားပေါ်ကျန်ရစ်ခဲ့သည့် အဆိုပါရတနာထုပ်အား တွေ့ရှိခဲ့ခြင်းဖြစ်ရာ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့သည့်အတွက် ကိုသန်းထိုက်ကျော်အား မော်တော်ကားတစ်စီး ပေးအပ်ကာ ၎င်း၏ ရိုးသားမှုအား ဂုဏ်ပြုခဲ့သည်။

ဦးသန်းထိုက်ကျော်၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်သီလနှင့် ပတ်သက်၍ အံ့သြဖွယ်ရာ လေးစားဖွယ်ရာ ဂုဏ်ယူဖွယ်ရာ အတုယူဖွယ်ရာအဖြစ် မှတ်တမ်းတင်ထိုက်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး သမ္မာအာဇီဝကျကျ အသက်မွေးဝမ်းကြောင်းလျက် ရိုးသားစွာ ရပ်တည်ခြင်းသည် နိုင်ငံအကျိုးစီးပွား ကာကွယ်ရေး၏ အခြေခံကျသော ပြယုဂ်တစ်ခုအဖြစ် မှတ်ယူထိုက်သည်ဟူ၍လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြု ကျေးဇူးတင်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၊ ပရဟိတစေတနာရှင်များ၊ လူမှုအသင်းအဖွဲ့များမှ ချီးကျူးဂုဏ်ပြုထိုက်သူများကို လစဉ် ရွေးချယ်ခဲ့ခြင်းဖြစ်ရာ သြဂုတ်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နာဂဒေသတွင် လူသေဆုံးမှုအထိ ရှိခဲ့သော ပြင်းထန်ဝက်သက် ရောဂါဖြစ်ပွားစဉ် အခက်အခဲများကြားမှာ လူထုကျန်းမာရေးအတွက် လုပ်ဆောင်ခဲ့သည့် ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးကိုလည်း သြဂုတ်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Read More

Tuesday, May 3, 2016

မြန်မာ့အောင်သံ

စာပုံနှိပ်တိုက် လွတ်လပ်ခြင်းနှင့် တော်လှန်ရေး (ပြည်သူ့နီတိ)

တရားဥပဒေအရ လွတ်လပ်ခြင်း သုံးမျိုး ရှိပေ၏။

၁။ လွတ်လပ်စွာ စဉ်းစားစိတ်ကူး ထင်မြင်ယူဆပိုင်ခွင့် - မနောကံ လွတ်လပ်မှု

၂။ လွတ်လပ်စွာ ပြောဆို ဆွေးနွေး ရေးသားပိုင်ခွင့် - ၀စီကံ လွတ်လပ်မှု

၃။ လွတ်လပ်စွာ ပြုမူပိုင်ခွင့် - ကာယကံ လွတ်လပ်မှုတို့ ဖြစ်သည်။

ယင်းအနက် ၀စီကံလွတ်လပ်မှုဖြစ်ည့် လွတ်လပ်စွာ ပြောဆိုဆွေးနွေး ရေးသားပိုင်ခွင့်သည် ပြည်သူပြည်သားတို့အတွက်သာ အဓိက ကျသည်မဟုတ်၊ ပုံနှိပ်တိုက်များအတွက် လွတ်လပ်မှု ဖြစ်ပေသည်။

Photo by www.gettyimages.com
လွတ်လပ်သော ပုံနှိပ်တိုက်ကြောင့် ကမ္ဘာပေါ်တွင် တော်လှန်ရေးများ ဖြစ်ကြသည်ဟု မကြားစဖူး။ တိုင်းပြည်လူထု၏ မကျေနပ်မှုများကို ပုံနှိပ်တိုက်မှ တစ်ဆင့် အစိုးရသို့ အကြောင်းကြားနိုင်သဖြင့် ထိုမကျေနပ်မှုများ ပပျောက်ရန် ဆောင်ရွက်နိုင်ရာ တော်လှန်ရေး ဖြစ်ပွားရန် အကြောင်းမရှိတော့ချေ။

ပုံနှိပ်တိုက် လွတ်လပ်ခြင်းမရှိသောအခါ ထိုထိုသော မကျေနပ်မှုများ မဖော်ပြနိုင်သဖြင့် ကမ္ဘာပေါ်တွင် တော်လှန်ရေးများ မကြာခဏ ပေါ်ပေါက်ခဲ့ခြင်းပင် ဖြစ်၏။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)


Read More

Friday, April 1, 2016

မြန်မာ့အောင်သံ

အလုပ်သမားသမဂ္ဂနှင့် သပိတ်လက်နက် (ပြည်သူ့နီတိ)

အလုပ်သမား အစည်းအရုံးများ၊ သမဂ္ဂများ မပေါ်ပေါက်မီ အလုပ်ရုံတစ်ခု၌ အလုပ်တစ်ခုကိုရရန် အလုပ်သမားအချင်းချင်း ပြိုင်ဆိုင် လုယက်ကြရလေသည်။ တောရပ်တောရွာနေ တောင်သူတောင် သားများမှာ အလုပ်အကိုင်နှင့် လခ တည်တံ့ရာ မြို့ကြီးများသို့ အိမ်ထောင်လိုက် ပြောင်းရွှေ့လာကြလေသည်။

အလုပ်သမားများ အလုပ်ရရန် ပြိုင်ဆိုင်သည်က တစ်ကြောင်း၊ စက်ပိုင်များ အလုပ်ရုံပိုင်များမှာ ကုန်ပစ္စည်းများကို အဖိုးအခ သက်သာစွာနှင့် ထုတ်လုပ်ရန် ပြိုင်ဆိုင်ကြရသည်က တစ်ကြောင်း၊ ထိုအကြောင်းနှစ်ရပ်ကြောင့် အလုပ်သမား၏ လခမှာ လွန်စွာပင် နည်းရလေသည်။ သားသမီး လူမမယ်များပါမကျန် တစိမ်ထောင်လုံး အလုပ်လုပ်မှ အသင့်အတင့်သော ၀င်ငွေကို ရနိုင်လေသည်။

ပညာသင်ကြားခြင်း ပြန့်ပွားလာ၍ လူများမှာ စာရေးစာဖတ် တတ်ပြီးလျှင် မိမိကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားဆင်ခြင် တတ်လာကြသောအခါ အလုပ်သမားအချင်းချင်း စည်းလုံးညီညွတ်ကာ အလုပ်သမား အစည်းအရုံးများကို ဖွဲ့စည်းကြလေသည်။ ထိုအစည်းအရုံးများ၌ လူအင်အား၊ ငွေအင်အား ပြည့်စုံသောအခါ အရင်းရှင်များကို တော်လှန်တိုက်ခိုက်ရန် အလွန်ကြီးမား ထိရောက်သော လက်နက်တစ်ခုကို အသုံးပြုလေသည်။
Photo by amaniflood.blogspot.com
ထိုလက်နက်ကား အခြား မဟုတ်။

သပိတ်မှောက်ခြင်းဟု ခေါ်သော သပိတ်လက်နက်ပင် ဖြစ်သည်။

လိုလားချက်များ မရမချင်း တောင်းဆိုရာ၌ အလုပ်သမားများ သပိတ်လက်နက် အသုံးပြုရခြင်းမှာ - ပြည်သူ့လွှတ်တော်၊ ဥပဒေပြုလွှတ်တော်များ၌ အရင်းရှင်ကြီးများ သို့မဟုတ် အရင်းရှင်ကိုယ်စားလှယ်များသာ ပါရှိ၍ အလုပ်သမားတို့ နစ်နာချက်ကို တိုင်ကြားရန် အလုပ်သမား ကိုယ်စားလှယ်များ မပါက တိုင်းပြည်လူထုသည် အလုပ်သမားအကြောင်း မသိနိုင်ခြင်း၊ တစ်နိုင်ငံလုံး ဖတ်ရှုနေကြသော သတင်းစာများမှာ အရင်းရှင်ပိုင် သတင်းစာများဖြစ်၍ အများပြည်သူတို့ သိနားလည်ရန် အလုပ်သမားများ၏ ထင်မြင်ချက်ကို ရေးသားခွင့် မရခြင်းတို့ကြောင့် ဖြစ်ပေသည်။

အလုပ်သမားအစည်းအရုံး၊ သမဂ္ဂများ အားကောင်းခြင်းကြောင့် အလုပ်သမား အခွင့်အရေး ရရှိနိုင်သလို ယင်းအားကောင်းခြင်းကို အလွဲသုံးစား လုပ်တတ်မှုများကိုလည်း သတိချပ်ရပေမည်။ အလုပ်သမားနှင့် အလုပ်ရှင်ကြားတွင် ကြီးနိုင်ငယ်ညှင်းဝါဒ အသုံးမပြုမိစေရန်ကိုလည်း နှစ်ဘက်စလုံးမှ အထူး သတိပြုကြရပေမည်။

ကိုးကား - အခြေခံ လူ့တာဝန် (အောင်မြင့်ကြီး - ရွှေလရောင်)
Read More

Wednesday, March 30, 2016

မြန်မာ့အောင်သံ

နိုင်ငံ၏ ရည်ရွယ်ချက် (ပြည်သူ့နီတိ)

နိုင်ငံ၏ ရည်ရွယ်ချက်တွင် အယူအဆ နှစ်မျိုးရှိ၏။

တစ်မျိုးမှာ နိုင်ငံသည် နိုင်ငံ၏ ကောင်းကျိုးတစ်ခုတည်းဖို့သာ တည်ရှိသည်ဟူသော အယူအဆ ဖြစ်သည်။

ဤအယူအဆအရ နိုင်ငံသားသည် နိုင်ငံ့အဖို့သာ ဖြစ်၍ နိုင်ငံသည် နိုင်ငံသားအဖို့ မဟုတ်ချေ။ နိုင်ငံသားများ၏ နေမှုထိုင်မှုမှစ၍ အပြုအမူ အစခပ်သိမ်းတို့ကို နိုင်ငံက ဆုံးဖြတ်ပြဋ္ဌာန်းပေး၏။ နိုင်ငံသားသည် နိုင်ငံမှ မည်သည့်အခွင့်ရေးကိုမျှ တောင်းဆိုပိုင်ခွင့် မရှိချေ။ ဤကဲ့သို့သောအယူကို ယူဆသူတို့အဖို့ နိုင်ငံ၏ ရည်ရွယ်ချက်မှာ နိုင်ငံ့အင်အားနှင့် တန်ခိုးအာဏာကြီး၍ နယ်ချဲ့ရန် ဖြစ်သည်။

ဒုတိယအယူအဆမှာ လူများသည် သူတို့၏ ချမ်းသာမှု၊ ပျော်ရွှင်မှုအတွက် နိုင်ငံကို တည်ထောင်ထားသည်ဟူသော ယူဆချက် ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံသည် နိုင်ငံသားအဖို့ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် လူတိုင်းလူတိုင်း၏ ချမ်းသာမှု၊ ကြီးပွားမှုသာလျှင် အရင်းခံဖြစ်ခြင်းကြောင့်တည်း။ သို့သော် နိုင်ငံသည် လူတစ်ဦးတစ်ယောက်တည်းအဖို့သာ ဖြစ်သည်ဟု မဆိုလိုပေ။ နိုင်ငံဆိုသည်မှာ လူတစ်ယောက်တည်းအဖို့ မဟုတ်ဘဲ အများကောင်းကျိုး အဖို့သာ ဖြစ်သည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ
Read More
မြန်မာ့အောင်သံ

အစိုးရနှင့် သတင်းစာ (ပြည်သူ့နီတိ)

ဒီမိုကရေစီ ထမြောက်အောင်မြင်ရန် အရေးကြီးဆုံး လိုအပ်ချက်မှာ ပညာတတ်၍ ဗဟုသုတ အမြော်အမြင်နှင့် ပြည့်စုံသော လူထု၏ ထင်မြင်ချက် ဖြစ်ပေသည်။ လူထု၏ ထင်မြင်ချက်ကို သတင်းစာများနှင့် အစည်းအဝေးပွဲများမှသာ ရနိုင်ရကား လူထု၌ လွတ်လပ်စွာ ပြောဆိုနိုင်မှုနှင့် သတင်းစာတိုက် လွတ်လပ်မှု ရှိရပေမည်။ သတင်းစာတိုက်ကို ချုပ်ချယ်ထားသော် လည်းကောင်း၊ လွတ်လပ်စွာ ပြောဆိုမှု မရှိခဲ့သော်လည်းကောင်း ဒီမိုကရေစီ မရှိနိုင်။ လူထု၏ ထင်မြင်ချက်နှင့် အဆက်အသွယ် ပြတ်သော်လည်းကောင်း၊ လူထု၏ ဆန္ဒအတိုင်း မပြုကျင့်သော်လည်းကောင်း အစိုးရသည် လူထုအစိုးရ မဟုတ်တော့ချေ။

သတင်းစာတိုက်၌လည်း မှန်ကန်၍ မျက်နှာမလိုက်သော သတင်းများကို အစိုးရအား ပေးရန် တာဝန်ရှိပေသည်။ စည်းကမ်းမစောင့်သော သတင်းစာတိုက်သည် နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှု အမျိုးမျိုးကို ဖန်တီးနိုင်သည်ကိုမူ သတိချပ်သင့်သည်။

အစိုးရတွင် ပြန်ကြားရေးဌာန ရှိသကဲ့သို့ ပြည်သူတို့၏ ပြန်ကြားရေးဌာနသည် သတင်းစာများဖြစ်သည်ဟု အစိုးရအနေဖြင့် ခံယူကျင့်သုံးရပေမည်။ သို့ကြောင့် မှန်ကန်စွာ ရပ်တည်နေသည့် သတင်းစာတိုက်များကို အစိုးရတိုင်း အသိအမှတ် ပြုရမည်ဖြစ်ကာ သတင်းစာလောက ဖွံ့ဖြိုးရေးကို ရှေ့ရှုရမည်။ ယင်းသို့ လုပ်ဆောင်ရာတွင် အစိုးရထုတ် သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာများကို တန်းတူအခွင့်အရေး ပေးရမည်။ ခွဲခြားဆက်ဆံခြင်းငှာ မပြုထိုက်။

Photo by india.blogs.nytimes.com
ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
Read More

Tuesday, March 29, 2016

မြန်မာ့အောင်သံ

နိုင်ငံသားကောင်းနှင့် နိုင်ငံရေးအဖွဲ့ (၀ါ) ပါတီစိတ်ဓာတ် (ပြည်သူ့နီတိ)

ပါတီစိတ်ဓာတ်သည် ပြည်သူပြည်သားကောင်း ဖြစ်ရာ၌ အနှောင့်အယှက်ကြီးတစ်ခု ဖြစ်ပေသည်။ နိုင်ငံရေးပါတီစနစ်သည် ဒီမိုကရေစီနိုင်ငံ၌ မရှိလျှင် မဖြစ်၊ မုချ ရှိရပေမည်။ သို့ရာတွင် နိုင်ငံရေးပါတီများသည် လူတစ်မျိုးလုံး၊ တစ်နိုင်ငံလုံး ကောင်းရာကောင်းကျိုးအတွက် ဖွဲ့စည်းထားသော အဖွဲ့များဖြစ်ကြောင်းကို အများအားဖြင့် သတိမထားကြချေ။ အများအကျိုးအဖို့ ဖွဲ့စည်းထားသည်ကို သတိမထားသည်သာမက ပါတီဆိုသည်မှာ နိုင်ငံအဖို့ မဟုတ်ဘဲ (ပါတီဝင်) ပါတီသမားများအဖို့သာ ဖြစ်သည်ဟု ယူဆလာကြလေသည်။

ဤအယူအဆ၊ ဤ၀ါဒကြောင့် ရာထူးလုမှုများ၊ မသမာမှုများနှင့် ကြောက်စရာကောင်းသော အင်အားပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာလေသည်။ အများအကျိုးဟု ဆိုအပ်သော “ပြည်သူ့တာဝန်” ကို မေ့လျော့၍ တစ်ကိုယ်ကောင်းသမားသာလျှင် ခေတ်စားလာလေသည်။ လူအများ၏ ထိုသို့သော ဖောက်ပြန်မှုပင်လျှင် လူမျိုး၏ ပျက်စီးရာ ပျက်စီးကြောင်း၊ နိုင်ငံ၏ ပျက်စီးရာ ပျက်စီးကြောင်းပေတည်း။

ထို့ကြောင့် နည်းလမ်းမမှန်သော နိုင်ငံရေးပါတီစိတ်ဓာတ်သည် ပြည်သူပြည်သားကောင်း ဖြစ်ရာ၌ အနှောင့်အယှက်ကြီးတစ်ရပ် ဖြစ်ပေသည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
Read More

Sunday, March 27, 2016

မြန်မာ့အောင်သံ

အားလပ်ချိန် (ပြည်သူ့နီတိ)

လူသားတိုင်းသည် မွေးဖွားချိန်မှ သေဆုံးချိန်အထိ အလုပ်လုပ်ကြရပေ၏။ သို့သော် အလုပ်ချည်း လုပ်နေခြင်းသည် မဖြစ်အပ်။ အနားယူရန် လိုအပ်ပေသည်။ အလုပ်အကိုင်အား ပင်ပန်းကြီးစွား လုပ်ကိုင်ပြီး နားနေခြင်းသည် လွန်စွာမှပင် အပန်းပြေ၏။ သို့သော် အလုပ်လုပ်ရမည့်အချိန်တွ် အကျိုးမဲ့ နားနေခြင်းအား မလုပ်အပ်။

အားလပ်ချိန်တွင် မိမိဝါသနာအရ အပန်းဖြေနည်း နှစ်ခုသာ ရှိပေသည်။ အပေါင်းအသင်းများနှင့် အပန်းဖြေခြင်းနှင့် တစ်ကိုယ်ရေ တစ်ကာယ အပန်းဖြေခြင်းတို့ ဖြစ်သည်။

အပေါင်းအသင်းများနှင့် အပန်းဖြေခြင်းတွင် ဘောလုံးကန်ခြင်း၊ တင်းနစ်ရိုက်ခြင်းကဲ့သို့သော စုပေါင်းရောနှောကာ လုပ်ဆောင်ရသည့် အပန်းဖြေခြင်းမျိုးကို ဆိုလိုပေသည်။ သို့တည်းမဟုတ် ၀ါသနာတူရာ အပေါင်းအသင်းများဖြင့် လူမှုရေးကိစ္စရပ်များ လုပ်ကိုင်ခြင်းမှာလည်း အပေါင်းအသင်းများနှင့် အပန်းဖြေခြင်း တစ်မျိုးပင် ဖြစ်သည်။

တစ်ကိုယ်ရေ တစ်ကာယ အပန်းဖြေခြင်းကား စာဖတ်ခြင်းပင် ဖြစ်သည်။ စာဖတ်ခြင်းထက် သာလွန်ကောင်းမွန်သည့် အပန်းဖြေနည်းကား မရှိ။

ကိုးကား - အခြေခံ လူ့တာဝန် (အေင်မြင်ကြီး - ရွှေလရောင်)
Read More

Saturday, March 26, 2016

မြန်မာ့အောင်သံ

နိုင်ငံသားပိုင် ဘဏ္ဍာနှင့် အစိုးရ (ပြည်သူ့နီတိ)

နိုင်ငံသားပိုင် ဘဏ္ဍာဆိုသည်မှာ ပြည်သူက အစိုးရယန္တရား လည်ပတ်စေရန် ပေးသွင်းသည့် အခွန်ကိုသာမက နိုင်ငံ့သယံဇာတများမှ ရရှိသော ဘဏ္ဍာငွေကိုလည်း ဆိုလိုပေသည်။ နိုင်ငံသားပိုင် ဘဏ္ဍာအား အလွဲသုံးစားလုပ် ဖြုန်းတီးနေသူများမှာ ပြည်သူများ ပါဝင်သလို အစိုးရအဖွဲ့ဝင်များလည်း ပါဝင်ပေသည်။

ပြည်သူများ ဖြုန်းတီးသည်ဆိုရာတွင် ပြည်သူ့အကျိုးအလို့ငှာ လုပ်ဆောင်ပေးနေသည့် အစိုးရ၏ ၀န်ဆောင်မှုများအား စည်းကမ်းမဲ့ဖျက်ဆီးခြင်း၊ အခွန်ဘဏ္ဍာ မပေးဆောင်ခြင်း စသည်တို့ ပါဝင်ပေသည်။ အစိုးရအဖွဲ့ဝင်များက ဖြုန်းတီးသည်ဆိုရာတွင် အကျင့်ပျက် ခြစားခြင်း၊ အခွင့်အာဏာသုံး၍ တစုံတရာ ရယူနေခြင်း စသည်တို့ ပါဝင်ပေသည်။

ပြည်သူကို မျက်နှာမူသည့် ဒီမိုကရေစီ အစိုးရတိုင်းသည် ပြည်သူပိုင် ဘဏ္ဍာအား ဖြုန်းတီးနေသူများကို ကာကွယ်တားဆီးရန် အထူးလိုအပ်ပေသည်။ ယင်းတို့ ကာကွယ်နိုင်ခြင်း ရှိခြင်း၊ မရှိခြင်းမှာ အစိုးရတစ်ရပ်၏ အရည်အချင်းပင် မည်၏။
Photo by pinterest.com
ကိုးကား - ပြည်သူ့နီတိ (ပထမပိုင်း) (ဦးဘဖေ - ဘီအေ၊ ဘီအက်ဒ်)
Read More

Thursday, March 24, 2016

မြန်မာ့အောင်သံ

လူတော်နှင့် လူကောင်း (ပြည်သူ့နီတိ)

မြန်မာ့စကားရပ်တွင် လူချွန်လူကောင်းဟု လည်းကောင်း၊ လူတော်လူကောင်းဟူ၍လည်းကောင်း မျိုးစုံ သုံးစွဲလေ့ ရှိ၏။ လူတော် ဟူသည် ဦးနှောက်ကောင်း၊ အကြံကောင်း၊ ဥာဏ်ကောင်း၊ စာတတ် ပေတတ်များကို ဆိုလိုကြောင်း ရှေးပညာရှိတို့က သတ်မှတ်၍ လူကောင်းဆိုသည်မှာ စိတ်ကောင်း၊ သဘောကောင်း၊ အကျင့်စာရိတ္တကောင်းသူဟု ခွဲခြားမိန့်ဆိုလေ့ ရှိ၏။

နိုင်ငံတစ်နိုင်ငံတွင် လူတော်များလည်း လိုအပ်သလို လူကောင်းများလည်း လိုအပ်ပေသည်။ ယင်းတို့ကို တော်တည့် မှန်ကန်စွာ မွေးထုတ်ပေးနိုင်ရန်မှာ ပညာသင်ကျောင်းများက အခရာပင် ဖြစ်သည်။

ကိုးကား - လူမှုရေးရာ သင်ပြမှု (ဦးခင်သန်း - B.A, B.El.S (Class 1) ခရိုင်ပညာဝန်)
Read More

Monday, March 21, 2016

မြန်မာ့အောင်သံ

ပညာရေးနှင့် အစိုးရ (ပြည်သူ့နီတိ)

နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတို့၏ ပညာရေချိန်ပေါ်တွင် များစွာ တည်မှီလျက် ရှိပေ၏။ တစ်စထက် တစ်စ တိုးတက်နေသည့် ကမ္ဘာကို ပညာဖြင့်သာ မောင်းနှင်နေကြပေ၏။ ယင်းကြောင့် အသီးသီးသော နိုင်ငံအစိုးရများသည် ပညာရေးနှင့် ပတ်သက်၍ ငွေကုန်ကြေးကျခံကာ အားပေးအားမြှောက် ပြုလျက် ရှိပေ၏။

သို့သော် အာဏာရှင်အစိုးရများမှာမူ ပညာတတ် လူတန်းစား များပြားလာပါက အသိမျက်စိပွင့်ပြီး ၎င်းတို့ တော်လှန်လာကြမည်ကို မနှစ်ခြိုက်ပေ။ ယင်းကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးကို မျက်ကွယ်ပြုထားလေ့ ရှိသည်။
Photo by newtimes.co.rw
အောက်ချင်း သတင်းအေဂျင်စီ
Read More

Saturday, March 19, 2016

မြန်မာ့အောင်သံ

အမျိုး ဘာသာ သာသနာနှင့် ပညာ (ပြည်သူ့နီတိ)

နိုင်ငံတစ်နိုင်ငံတွင် တိုင်းသူပြည်သားတိုင်းသည် အမျိုး၊ ဘာသာ၊ သာသနာအား စောင့်ရှောက်ရန် တာဝန်ရှိပေသည်။ ယင်းသို့ စောင့်ရှောက်ရာတွင် နိုင်ငံတွင် နေထိုင်သည့် အခြားသောသူတို့၏ အမျိုး၊ ဘာသာ ၊ သာသနာကိုလည်း လေးစားရပေမည်။

သို့သော် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပတ်သက်၍ ပြည်သူပြည်သားတိုင်းတွင် အယူစွဲများ ရှိသည့်အတွက် ယင်းကို ထိန်းကွပ်နိုင်ရန်မှာ ပညာ လိုအပ်ပေသည်။ ယင်းအတွက် ၀ိုင်အမ်ဘီအေ အသင်းကြီးတွင် ပါဝင်သည့် ဆရာတော်များက အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဟူ၍ ကဏ္ဍလေးရပ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

အချို့သော ပုဂ္ဂိုလ်များမှာမူ အမျိုး၊ ဘာသာ၊ သာသနာအား အထူးသဖြင့် နိုင်ငံရေးကိစ္စများတွင် ရှေ့တန်းတင်လေ့ ရှိသည်။ ယင်းကို အောက်တန်းကျသည့် နိုင်ငံရေးဟု သတ်မှတ်ထားလေ့ ရှိသည်။ ယင်းကို ပြည်သူတို့ သတိချပ်ရန်မှာ “ပညာ” သည် အဓိက ကျပေသည်။ ယင်းကို ပညာဖြင့်သာ ပိုင်းဖြတ်နိုင်ပေလိမ့်မည်။
Photo by colourbox.com
အောက်ချင်း သတင်းအေဂျင်စီ
Read More

Friday, March 18, 2016

မြန်မာ့အောင်သံ

လုပ်ခလစာနှင့် အလုပ်သမားသမဂ္ဂ (ပြည်သူ့နီတိ)

လုပ်ငန်းတစ်ခုကို တည်ထောင်ပါက အလုပ်လုပ်သူတို့အတွက် အခကြေးငွေကို မည်သို့ ခွဲဝေပေးရမည်မှာ ခက်ခဲသော ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ အလုပ်သမားတို့၏ ၀င်ငွေ သို့မဟုတ် လခကို ဆုံးဖြတ်သော အချက်မှာ (၁) အလုပ်၏ တန်ဖိုးနှင့် (၂) လုပ်သားဦးရေပင် ဖြစ်သည်။

အလုပ်တန်ဖိုးဟု ဆိုရာတွင် ကျွမ်းကျင်သော အလုပ်သမား၏ စွမ်းဆောင်ရည်သည် မကျွမ်းကျင်သော အလုပ်သမားထက် ပိုသည့်အတွက် လုပ်ခလည်း ပိုမိုပေးရပေမည်။ ဥပမာ စက်ရုံတစ်ရုံတွင် စက်မောင်း စက်ပြင်သမား၏ အလုပ်သည်သည် မီးထိုး ထင်းသယ်အလုပ်သမား၏ အလုပ်ထက် ပိုမို အဖိုးတန်သည်။ ရုံးတစ်ရုံး၌ နည်းပညာတတ်မြောက်သူ၏ လုပ်ငန်းသည် သာမန် ရုံးစာရေး၏ အလုပ်ထက် အဖိုးတန်ပေသည်။ ထို့ကြောင့် လုပ်ခ မည်ရွေ့မည်မျှ ရသည်မှာ အလုပ်၏ တန်ဖိုးပေါ်တွင် မူတည်သည်။

အလုပ်သမားဦးရေမှာ လုပ်ငန်းတစ်ခု၌ အလုပ်သမားတစ်နေရာ လစ်လပ်သည့်အခါ လုပ်လိုသောသူ များကြောင်း သိသောအခါ အလုပ်ရှင်သည် မိမိ မှန်းဆထားသော လခငွေပမာဏထက် လျှော့၍ ပေးပေလိမ့်မည်။ သို့သော် ယင်းနေရာတွင် လုပ်ကိုင်လိုသူ တစ်ယောက်တည်းသာ ရှိအံ့။ လုပ်ငန်းရှင်သည် ၄င်းလူကို မရလိုက်ပါက လုပ်ငန်းပျက်ကွက်မည် စိုးရိမ်၍ မှန်းဆထားသည်ထက် ပိုမို၍ ပေးကောင်း ပေးပေလိမ့်မည်။ ယင်းကြောင့် လုပ်ခလစာ နည်းခြင်း၊ များခြင်းသည် လုပ်သားဦးရေအပေါ် များစွာ တည်မှီသည်။

သို့သော် အလုပ်လက်မဲ့ လူဦးရေ များပြားသည့် နိုင်ငံများတွင် ယင်းအပေါ် အခွင့်ကောင်းယူ၍ ရသင့်ရထိုက်သော လုပ်ခလစာကို လျော့ပေါ့ပေးခြင်း၊ အလုပ်သမားတို့၏ အခွင့်အရေးများအား မျက်ကွယ်ပြုခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။ ယင်းကြောင့် အလုပ်သမားတို့၏ နစ်နာမှုများကို ဖြေရှင်းရန်အတွက် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
Photo by malialitman.com
ကိုးကား - အခြေခံလူ့တာဝန် (အောင်မြင့်ကြီး - ရွှေလရောင်)
Read More

Thursday, March 17, 2016

မြန်မာ့အောင်သံ

ပညာရေး (ပြည်သူ့နီတိ)

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို လိုလားပါက အခြေခံအားဖြင့် ပညာရေးသည် အထူးလိုအပ်လှပေသည်။ စာသင်ကျောင်းများဖွင့်၍ ကလေးသူငယ်များအား စာရေးစာဖတ်၊ အတွက်အချက် သင်ကြားပေးသည်မှာ လူလားမြောက်သည့်အခါ လောကကြီး၌ တတ်သိလိမ္မာစွာ နေထိုင်၍ လူမှုရေးရာ အဖြာဖြာကို ဆောင်ရွက်တက်ရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန် သင်ကြားပြုပြင်ပေးဖို့ ဖြစ်သည်။ တစ်ဦးချင်းဆီ၏ အပြုအမူမှသည် တစ်မျိုးသားလုံး ပြုပြင်ပြောင်း လဲရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအချက်အချာဖြစ်ရာ ပညာသင်ကြားရေးသည် အထူးပင် အရေးပါလှပေ၏။ ယနေ့ခေတ်သည် ကာယထက် ဉာဏအားက ရှေ့ရောက်နေပြီ ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးရေးအတွက်ဆိုလျှင် ပညာသင်ကြားရေးစနစ်တွင် ပါဝင်သည့် ဆရာ၊ ဆရာမများ၏ အရည်အချင်း မြင့်မားရန်နှင့် ကျောင်းသားကျောင်းသူ (ကလေးငယ်) တို့၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးသည်လည်း အရေးကြီးပေ၏။ ကလေးငယ်များအား ဖိအားပေး သင်ကြားစေခြင်းလည်း မဖြစ်အပ်ပေ။

ထို့ပြင် ကလေးသူငယ်များ ညစ်ညမ်း ဆိုးသွမ်းကြသော်လည်း ရိုက်ပုတ်ခြင်းဖြင့် ဆုံးမနည်းကို မကျင့်အပ်ပေ။ ကလေးငယ်၏ စိတ်ပါဝင်စားမှုကို အခြေခံ၍ သွန်သင်ရပေမည်။ သို့မှသာလျှင် ပညာသင်ကြားရေးအပေါ် ကလေးငယ် စိတ်ပါဝင်စားလာပေအံ့။

ယခု ကျောင်းသား၊ နောင်ဝယ် ခေါင်းဆောင်ဟူသည့် အမြင်မျိုးဖြင့် ပြည်ပိုင်အစိုးရတို့ကလည်း နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာရေးကဏ္ဍအား အားသွန်ခွန်စိုက် ပျိုးထောင်ပေးရပေလိမ့်မည်။ တိုင်းသူပြည်သားတို့အား ပညာမသင်ဘဲထားပါက ကြီးနိုင် ငယ်ညှင်း တောတွင်းဥပဒေသကဲ့သို့ တိရစ္ဆာန်သဖွယ် ပြုကျင့်ကြပေလိမ့်မည်။
Photo by intellectualtakeout.org
ကိုးကား - အခြေခံလူ့တာဝန် (အောင်မြင့်ကြီး - ရွှေလရောင်)
Read More

Tuesday, March 15, 2016

မြန်မာ့အောင်သံ

စည်းကမ်းနှင့် တိုင်းပြည်ဘဏ္ဍာ (ပြည်သူ့နီတိ)

စည်းကမ်းသည် လူ၏ တန်ဖိုးဟု သုံးနှုန်းခဲ့သည်။ မှန်ပေ၏။ ထို့နည်းတူ စည်းကမ်းသည် နိုင်ငံတစ်ခု၊ လူအဖွဲ့အစည်းတစ်ခု၏ စံပြ မှတ်ကျောက်လည်း ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ လူနေမှု အဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်းနှင့် ဖွံ့ဖြိုးမှုကို သိလိုလျှင် ယင်းနိုင်ငံတွင် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြည်သူတို့ မည်မျှလိုက်နာကြသည် ကြည့်ရုံဖြင့် သိရှိနိုင်ပေမည် ဖြစ်သည်။ စည်းကမ်းဟု ဆိုရာတွင် ကျောင်းတွင် ကျောင်းစည်းကမ်း၊ အိမ်တွင် အိမ်စည်းကမ်း၊ နိုင်ငံတွင် နိုင်ငံနှင့်ဆိုင်သော စည်းကမ်းဟူ၍ အမျိုးမျိုး ရှိပေ၏။

စည်းကမ်းတွင် နိုင်ငံနှင့်သက်ဆိုင်သော စည်းကမ်းများကို တိုင်းသူပြည်သားတိုင်း လိုက်နာကြရသလို မလိုက်နာကြသော လူများအား ထိန်းချုပ်ရန် ဥပဒေများ ပြဋ္ဌာန်းထားရခြင်း ဖြစ်သည်။ စည်းကမ်း မလိုက်နာသူများကို ထိန်းချုပ်ရန် အလို့ငှာ ရဲစခန်းများ၊ တရားရုံးများ၊ အကျဉ်းထောင်များ တည်ဆောက်ကြရပေ၏။

ယင်းသို့ တည်ဆောက်ရမှုအတွက် တိုင်းပြည်ဘဏ္ဍာ များစွာ ကုန်ဆုံးရပေ၏။ ထို့နည်းတူ အကျင့်ပျက်ခြစားမှုများလည်း တိုးပွားလာရ၏။ ထို့ကြောင့် စည်းကမ်းလိုက်နာခြင်းသည် တိုင်းပြည်ဘဏ္ဍာအား မကုန်သင့်ဘဲ ကုန်ရခြင်းကို ကာကွယ်ခြင်းဖြစ်သည့်နည်းတူ အကျင့်ပျက်ခြစားမှုများကိုလည်း တားဆီးရာ ရောက်ပေ၏။
Photo by ejsp.org
အောက်ချင်း သတင်းအေဂျင်စီ
Read More

Monday, March 14, 2016

မြန်မာ့အောင်သံ

အစိုးရနှင့် ပွင့်လင်းမြင်သာမှု (ပြည်သူ့နီတိ)

Government & Transparency

အစိုးရတစ်ရပ်တွင် ပွင့်လင်းမြင်သာမှု ရှိခြင်း၊ မရှိခြင်းမှာ တိုင်းပြည်အတွက် အရေးကြီးသော ကိစ္စရပ် ဖြစ်ပေ၏။ ပွင့်လင်းမြင်သာမှု မရှိသော အစိုးရအား တိုင်းသူပြည်သားတို့ လေးစားမည် မဟုတ်ပေ။ အစိုးရတစ်ရပ်အနေဖြင့် ဒီမိုကရေစီအား မည်မျှကျင့်သုံးသည်ကို ပွင့်လင်းမြင်သာမှုဖြင့် တိုင်းတာတတ်ကြလေ့ရှိကာ စစ်အစိုးရ၊ အာဏာရှင်အစိုးရ၊ တစ်ပါတီ အစိုးရ တိုင်းပြည်များ၌ကား ပွင့်လင်းမြင်သာမှု အားနည်းတတ်၏။

သို့သော် ပွင့်လင်းမြင်သာမှု မရှိတိုင်းလည်း ဒီမိုကရေစီ အစိုးရမဟုတ်ဟု မသတ်မှတ်နိုင်ပေ။ နိုင်ငံတစ်ခုတွင် တိုင်းသူပြည်သားတို့ သိသင့်သော ကိစ္စရပ်ရှိသလို၊ မသိသင့်သော ကိစ္စရပ်များလည်း ရှိပေသည်။ သိသင့်သည်ကို ပေးသိ၍ မသိသင့်သည်ကို မပေးသိခြင်းမှာလည်း ဒီမိုကရေစီအစိုးရ၏ မှန်ကန်သော လုပ်ရပ်ဟုပင် သတ်မှတ်ရပေမည်။
Photo by cagle.com
အောက်ချင်း သတင်းအေဂျင်စီ
Read More

Wednesday, March 9, 2016

မြန်မာ့အောင်သံ

အတ္တနှင့် ပရ (ပြည်သူ့နီတိ)

လူတို့တွင် မိမိ ကိုယ်ကျိုးဟူသည့် “အတ္တဟိတ” ရှိသလို အများအကျိုးအတွက်ငှာ “ပရဟိတ” လည်း ရှိပေသည်။ အတ္တနှင့် ပရ ဟူသည့် အဓိပ္ပာယ်ချင်း အကောက်အယူချင်း ကွာခြားသော်လည်း တစ်ခါတစ်ရံတွင်မူ ဆင်တူနေဟန် တူပေသည်။

ပရဟိတ လုပ်ငန်း လုပ်နေစဉ်အတွင်း ငုပ်လျှိုးနေသော အတ္တဟိတသည် ခေါင်းထောင်တတ်လေ့ ရှိသည်။ ပရဟိတလုပ်ငန်းသည် လိုအပ်ချက်များရှိနေသည့် လူထုအတွက်သာလျှင် ဖြစ်ရပေမည်။ မိမိအကျိုး၊ အဖွဲ့အစည်းအကျိုး၊ တစုံတရာအကျိုးအတွက် လုပ်ဆောင်ခြင်းငှာ မဖြစ်ထိုက်ချေ။ အကျိုးလို၍ ညောင်ရေသွန်းခြင်းမှာ အတ္တဟိတသာ ဖြစ်သည်။

ယင်းကို ထိန်းချုပ်ရန်မှာ ပရဟိတလုပ်ငန်းအပေါ်တွင် ခိုင်မာစွဲမြဲသော စိတ်ထား ထားတတ်ရန်နှင့် ပရဟိတ ဆိုသည့် စကားရပ်၏ အနက်အဓိပ္ပာယ်အား ရှင်းလင်းပြတ်သားစွာ သိရှိထားရန် လိုအပ်ပေသည်။ သို့တည်းမဟုတ်ပါက တစ်ချိန်ချိန်တွင် ပရဟိတ ဆိုသည့် မွန်မြတ်သော လုပ်ငန်းအား ကိုယ်ကျိုးဟူသည့် အတ္တဟိတမှ ၀ါးမြိုခြင်းကို ခံစားရပေလိမ့်မည်။
Photo by stuartmcmillen.com
Read More
မြန်မာ့အောင်သံ

ကမ္ဘာ့ရွာနှင့် ပြောင်းလဲရမည့် ကဏ္ဍ (ပြည်သူ့နီတိ)

ပထ၀ီအနေအထား မပြောင်းလဲပေမယ့်လည်း နည်းပညာ အကူအညီနဲ့ သီးခြားစီဖြစ်နေသည့် ကမ္ဘာကြီးမှာ နီးကပ်လာပြီး ရွာ (ကမ္ဘာ့ရွာ)အဖြစ်သို့ ပြောင်းလဲလာပြီ ဖြစ်၏။ ကမ္ဘာ့ တိုးတက်မှုနှင့်အညီ အမီလိုက်နိုင်ရေး မှာ နိုင်ငံတစ်ခုချင်းစီအတွက် ပြောင်းလဲမှုလုပ်ရေးမှာ အရေးကြီးလာပြီ ဖြစ်၏။ ယင်းသို့ ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင် အချက်များစွာ ရှိသော်လည်း အချို့အချက်များမှာ လွန်စွာမှပင် အရေးကြီးလာပေ၏၊
Photo by cartoonmovement.com

ပညာရေးပြုပြင်ပြောင်းလဲမှု

ခေတ်မီနိုင်ငံများတွင် ပညာသင်ကြားရေးသည် အရေးကြီးသော အမျိုးသားရေးလုပ်ငန်းကြီး တစ်ရပ်အဖြစ် သတ်မှတ်ဆောင် ရွက်နေကြပြီ ဖြစ်၏။ အခြေခံ ပညာအဆင့်မှ အဆင့်မြင့်ပညာအဆင့်အထိ အစိုးရဦးဆောင်ကာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရမည် ဖြစ်ကာ နည်းပညာသစ်များ ရှာဖွေခြင်း၊ လေ့လာဆန်းစစ်မှုများအတွက် သုတေသနလုပ်ငန်းများကို ငွေကြေး အမြောက်အမြား အကုန်အကျခံ လုပ်ဆောင်ပေးရမည် ဖြစ်သည်။

ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု

လူတစ်ဦးတစ်ယောက်အတွက် ကျန်းမာရေးကောင်းမွန်းရန်မှာ အဓိက လိုအပ်ချက် တစ်ရပ်ပင် ဖြစ်၏။ ကျန်းမာရေး ကောင်းမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကောင်းမွန်စွာ ပါဝင် လုပ်ကိုင်နိုင်ပေမည် ဖြစ်၏။ ယင်းအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခမ်းနားကြီးကျယ်သော ဆေးရုံဆေးခန်းများ၊ ဆေးကုထုံးနည်းသစ်များ ရှာဖွေခြင်း၊ ဆေးဝါးများ ဖော်စပ်ခြင်းများကို အဆောတလျင် လုပ်ဆောင်နေကြပြီ ဖြစ်၏။

စီးပွားရေး ပြုပြင်ပြောင်းလဲမှု

တိုးတက်လာသည့် ကမ္ဘာပေါ်တွင် လူဦးရေ တိုးတက်လာမှုနှင့်အတူ စီးပွားရေး ကျပ်တည်းမှုမှာလည်း တစ်ပါတည်း လိုက်ပါနေ၏။ စီးပွားရေး ကျပ်တည်းမှုကို အကြောင်းပြု၍ နယ်ချဲ့ဝါဒ၊ အရင်းရှင်ဝါဒများ ပေါ်ပေါက် ခဲ့သလို ယင်းတို့အား တော်လှန်နေရခြင်းအတွက် ဖွံ့ဖြိုးမှု နောက်ကျစေခဲ့ သည်မှာ သာဓကများစွာ ရှိသည်။ ယင်းအတွက် တိုင်းပြည်တွင်းရှိ လူတစ်ဦးချင်းစီ၏ စီးပွားရေး တိုးတက်မှသာလျှင် ကျွဲကူးရေပါဆိုသလို တိုင်းပြည်မှာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ သို့မဟုတ်ပါက တစ်ဦးချင်းစီ၏ စီးပွားရေးကျပ်တည်းမှု နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် စာရိတ္တချို့ယွင်းခြင်း၊ မှုခင်းပေါများခြင်း စသည်တို့ ဖြစ်ပေါ်စေနိုင်၏။


ပေါင်းသင်းဆက်ဆံရေး ပြုပြင်ပြောင်းလဲမှု

ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် တစ်ဦးချင်း လုပ်ဆောင်နိုင်ရန် ခက်ခဲပေသည်။ လူတစ်ဦးနှင့် တစ်ဦး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပေါင်းစည်းလုပ်ကိုင်ခြင်းဖြင့်သာလျှင် တိုးတက်ဖွံ့ဖြိုးရေးကို လျင်မြန်စွာ ရနိုင်ပေ၏။ သို့မဟုတ်ပါက အထီးကျန်ဆန်ခြင်းနှင့်သာ တွေ့ဆုံရကာ ဖွံ့ဖြိုးရေး နောက်ကျမှုနှင့် ရင်ဆိုင်ရပေမည်။


ကိုယ်ကျင့်တရား လုံခြုံရေးကောင်းမွန်ရန်

လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးမှာ လူ့အဖွဲ့အစည်း အတွက်သာမက ကမ္ဘာကြီး၏ တိုးတက်မှုအတွက်ပါ အရေးကြီးလှ၏။ ကိုယ်ကျင့်တရား ဆုတ်ယုတ်ပျက်ပြားခြင်းကြောင့် ကမ္ဘာကြီးတွင် ဘေးအန္တရာယ်ပေါင်းစွာ ဆိုက်ရောက်နေရ၏။ သို့ကြောင့် ကိုယ်ကျင့်တရား ကောင်းမွန်လုံခြုံလာမှသာလျှင် ငြိမ်းချမ်းသာယာရေး တိုးတက်နိုင်ပေမည်။

ကိုးကား - အထက်တန်း ပြည်သူ့နီတိဒုတိယပိုင်း (ဦးဘဖေ - အီအေ၊ ဘီအက်ဒ်)
Read More

Tuesday, March 8, 2016

မြန်မာ့အောင်သံ

ဒီမိုကရေစီနှင့် ပြည်သူ့အာဏာ (ပြည်သူ့နီတိ)

ဒီမိုကရေစီတွင် တိုက်ရိုက်ဒီမိုကရေစီနှင့် သွယ်ဝိုက် ဒီမိုကရေစီဟူ၍ ရှိ၏။
Photo by sciamage.wordpress.com
တိုက်ရိုက်ဒီမိုကရေစီတွင် တိုင်းပြည်ကို အမှန်တကယ် အုပ်ချုပ်သူမှာ ပြည်သူပြည်သားများပင် ဖြစ်၏။ ပြည်သူပြည်သားများသည် တစ်နေရာတွင် စုရုံးလျက် ဥပဒေများကို မဲဆန္ဒဖြင့် ဆုံးဖြတ်ပြဋ္ဌာန်းကြ၏။ မြို့ရွာအတွက် ကောက်ခံရမည် အခွန်တော်များနှင့် ကုန်ကျမည့် စရိတ်ငွေများကို ခွင့်ပြုကြ၏။ မြို့ပြအုပ်ချုပ်ရေး အရာရှိများကို ရွေးချယ်ကြ၏။ ဂရိ တိုင်းပြည်တွင် မြို့ကြီးများကို ဤဒီမိုကရေစီ အုပ်ချုပ်ပုံစနစ်အရ အုပ်ချုပ်ခဲ့ဖူးသည်။ ယင်းစနစ်သည် လူဦးရေ မများသော သေးငယ်သည့် ပြည်ငယ်များအတွက်သာ သင့်လျော်၏။

ခေတ်သစ် ဒီမိုကရေစီနိုင်ငံများတွင် သွယ်ဝိုက် ဒီမိုကရေစီစနစ်အား ကျင့်သုံးကြ၏။ ပြည်သူပြည်သား တို့သည် အစိုးရအလုပ်၌ မပါဝင်ချေ။ သက်တမ်းအားဖြင့် တစုံတရာ သတ်မှတ်၍ ကိုယ်စားလှယ်များ ရွေးချယ် တင်မြှောက်ကြ၏။ ယင်းကိုယ်စားလှယ်များမှာ ဥပဒေပြုလွှတ်တော်များတွင် သင့်လျော်သော ဥပဒေများ ပြဋ္ဌာန်းရ၏။

သို့သော် ယင်းသို့ သွယ်ဝိုက်သော (သို့တည်းမဟုတ်) ကိုယ်စားလှယ် စနစ်ဖြင့် အုပ်ချုပ်သော တိုင်းပြည်များတွင် မကြာခဏဆိုသလို မကျေနပ်မှုများ ဖြစ်ပေါ်တတ်၏။ အကြောင်းမှာ လူထု၏ မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှာ အရွေးချယ်ခံရပြီးနောက် လူထုဆန္ဒအရ မဆောင်ရွက်ဘဲ မိမိဆန္ဒအရသာ ဆောင်ရွက် လုပ်ကိုင်တတ်သောကြောင့် ဖြစ်သည်။

ယင်းသို့သော အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် လူထုဆန္ဒခံယူခြင်း၊ လူထုတောင်းဆိုခြင်း၊ လူထုကိုယ်စားလှယ် ရုပ်သိမ်းခွင့် စသည်တို့ဖြင့် ကိုယ်စားလှယ်တို့အား အချုပ်အချယ် အတားအဆီး ထားရှိကြခြင်း ဖြစ်၏။ ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ပြည်သူအများ၏ ကိစ္စများကို ဆောင်ရွက်ရာ၌ နောက်ဆုံး အချုပ်အခြာအာဏာသည် လူထုကြီး၏ လက်ဝယ်၌သာလျှင် တည်ရှိကြောင်းကို ပြဆိုရန် ဖြစ်၏။

ကိုးကား - ပြည်သူ့နီတိ ဒုတိယပိုင်း (ဦးဘဖေ - အီအေ၊ ဘီအက်ဒ်)
Read More

Sunday, March 6, 2016

မြန်မာ့အောင်သံ

နိုင်ငံလွတ်လပ်မှု (ပြည်သူ့နီတိ)

နိုင်ငံလွတ်လပ်မှု ဆိုသည်မှာ နိုင်ငံ၌ အချုပ်အခြာအာဏာ ရှိရမည်ကို ဆိုလိုသည်။ မည်သည့်နိုင်ငံမဆို သူတစ်ပါး လက်အောက်ခံ မဖြစ်စေရ။ လွတ်လပ်သော နိုင်ငံအဖြစ်ဖြင့် တည်နေပိုင်ခွင့် ရှိရမည်။ နိုင်ငံတစ်ခုသည် အခြားနိုင်ငံတစ်ခု၏ လွတ်လပ်ခြင်းကို ဖျက်ဆီး ချုပ်ချယ်ပိုင်ခွင့် မရှိ။

လက်အောက်ခံဟု ဆိုရာတွင် အဓိပ္ပာယ်များစွာ ကျယ်ဝန်းသည်။ ဒိုမီနီယံအဆင့်ရှိ နိုင်ငံမျိုးကို လက်အောက်ခံနိုင်ငံဟု သတ်မှတ်ရုံသာမက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့အရ တခြားနိုင်ငံတစ်ခု၏ သြဇာသက်ရောက်ခံနေရခြင်းမှာလည်း လက်အောက်ခံပင် ဖြစ်သည်။

လွတ်လပ်သော နိုင်ငံမဟုတ်ဘဲ သူတစ်ပါး လက်အောက်ခံဖြစ်နေပါက တိုင်းသူပြည်သားအများစုမှာ လွတ်လပ်ခြင်း အမျိုးမျိုး၏ အရသာကို ပြည့်စုံစွာ ခံစားနိုင်မည် မဟုတ်ချေ။
Photo by freerepublic.com
ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - အီအေ၊ ဘီအီးဒီ)
Read More
မြန်မာ့အောင်သံ

အခွင့်အရေးနှင့် တာဝန် (ပြည်သူ့နီတိ)

အခွင့်အရေးနှင့် တာဝန်သည် ဆက်သွယ်လျက် ရှိ၏။ အခွင့်အရေးရှိလျှင် တာဝန်ရှိရပေမည်။ လူ့အဖွဲ့အစည်း အကျိုးအတွက် ဆောင်ရွက်ရန် အခွင့်အရေးများစွာ ရှိသော်လည်း ယင်းလူ့အဖွဲ့အစည်းအကျိုး ထိခိုက်နစ်နာစေမည့် အပြုအမူကို ပြုလုပ်ရန်မူ အခွင့်အရေးမရှိ။ ယင်းကြောင့် စိတ်ထင်တိုင်း စည်းကမ်းမဲ့ ပြုမူပိုင်ခွင့် မည်သည့်နိုင်ငံသားတွင်မှ မရှိ။

နိုင်ငံတော်သည် ကျွန်ုပ်အား တစ်ပါးသူ၏ နှိပ်စက် တိုက်ခိုက်ခြင်းရန်အား ဥပဒေဖြင့် အကာအကွယ် ပေးထားသည်။ ထို့နည်းတူ သူတစ်ပါးအား ယင်းသို့ မပြုလုပ်ရန်လည်း ဥပဒေဖြင့် ထိန်းကြောင်းပေးထားသည်။
Photo by www.vision.org
ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - အီအေ၊ ဘီအီးဒီ)
Read More