ဒီမိုကရေစီတွင် တိုက်ရိုက်ဒီမိုကရေစီနှင့် သွယ်ဝိုက် ဒီမိုကရေစီဟူ၍ ရှိ၏။
တိုက်ရိုက်ဒီမိုကရေစီတွင် တိုင်းပြည်ကို အမှန်တကယ် အုပ်ချုပ်သူမှာ ပြည်သူပြည်သားများပင် ဖြစ်၏။ ပြည်သူပြည်သားများသည် တစ်နေရာတွင် စုရုံးလျက် ဥပဒေများကို မဲဆန္ဒဖြင့် ဆုံးဖြတ်ပြဋ္ဌာန်းကြ၏။ မြို့ရွာအတွက် ကောက်ခံရမည် အခွန်တော်များနှင့် ကုန်ကျမည့် စရိတ်ငွေများကို ခွင့်ပြုကြ၏။ မြို့ပြအုပ်ချုပ်ရေး အရာရှိများကို ရွေးချယ်ကြ၏။ ဂရိ တိုင်းပြည်တွင် မြို့ကြီးများကို ဤဒီမိုကရေစီ အုပ်ချုပ်ပုံစနစ်အရ အုပ်ချုပ်ခဲ့ဖူးသည်။ ယင်းစနစ်သည် လူဦးရေ မများသော သေးငယ်သည့် ပြည်ငယ်များအတွက်သာ သင့်လျော်၏။
ခေတ်သစ် ဒီမိုကရေစီနိုင်ငံများတွင် သွယ်ဝိုက် ဒီမိုကရေစီစနစ်အား ကျင့်သုံးကြ၏။ ပြည်သူပြည်သား တို့သည် အစိုးရအလုပ်၌ မပါဝင်ချေ။ သက်တမ်းအားဖြင့် တစုံတရာ သတ်မှတ်၍ ကိုယ်စားလှယ်များ ရွေးချယ် တင်မြှောက်ကြ၏။ ယင်းကိုယ်စားလှယ်များမှာ ဥပဒေပြုလွှတ်တော်များတွင် သင့်လျော်သော ဥပဒေများ ပြဋ္ဌာန်းရ၏။
သို့သော် ယင်းသို့ သွယ်ဝိုက်သော (သို့တည်းမဟုတ်) ကိုယ်စားလှယ် စနစ်ဖြင့် အုပ်ချုပ်သော တိုင်းပြည်များတွင် မကြာခဏဆိုသလို မကျေနပ်မှုများ ဖြစ်ပေါ်တတ်၏။ အကြောင်းမှာ လူထု၏ မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှာ အရွေးချယ်ခံရပြီးနောက် လူထုဆန္ဒအရ မဆောင်ရွက်ဘဲ မိမိဆန္ဒအရသာ ဆောင်ရွက် လုပ်ကိုင်တတ်သောကြောင့် ဖြစ်သည်။
ယင်းသို့သော အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် လူထုဆန္ဒခံယူခြင်း၊ လူထုတောင်းဆိုခြင်း၊ လူထုကိုယ်စားလှယ် ရုပ်သိမ်းခွင့် စသည်တို့ဖြင့် ကိုယ်စားလှယ်တို့အား အချုပ်အချယ် အတားအဆီး ထားရှိကြခြင်း ဖြစ်၏။ ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ပြည်သူအများ၏ ကိစ္စများကို ဆောင်ရွက်ရာ၌ နောက်ဆုံး အချုပ်အခြာအာဏာသည် လူထုကြီး၏ လက်ဝယ်၌သာလျှင် တည်ရှိကြောင်းကို ပြဆိုရန် ဖြစ်၏။
ကိုးကား - ပြည်သူ့နီတိ ဒုတိယပိုင်း (ဦးဘဖေ - အီအေ၊ ဘီအက်ဒ်)
Photo by sciamage.wordpress.com |