မိုးရွာသွန်းမှုများခြင်း၊ ဆည်များမှ ပိုလျှံရေများအား ရေပိုလွှဲမြောင်းမှ စွန့်ထုတ်ခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသအတော်များများတွင် ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ တိုင်းနှင့်ပြည်နယ် ခြောက်ခုအတွင်း လူဦးရေ နှစ်သိန်းနီးပါးခန့် ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ကိန်းဂဏန်းများက ဆိုသည်။
ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၃ ရက်အထိ ၀န်ကြီးဌာန၏ စာရင်းကောက်ယူမှုများအရ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့သည့် ဒေသများမှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့ ဖြစ်ကာ စုစုပေါင်းလူဦးရေ ၁၇၂,၀၅၂ မှာ ရေကြီးလျှံမှုဒဏ်ကို ခံစားခဲ့ရသည်။
စစ်ကိုင်တိုင်းတွင် လူဦးရေ ၂၄၂၇၄ ဦး (အိမ်ခြေ ၅၅၁၄ လုံး)၊ မန္တလေးတိုင်းတွင် ၄၂၁၄၉ ဦး (အိမ်ခြေ ၉၀၉၀ လုံး)၊ မကွေးတိုင်းတွင် ၂၄၀၄၄ ဦး (အိမ်ခြေ ၂၂၇၆၀ လုံး)၊ ဧရာဝတီတိုင်းတွင် ၂၁၆၁ ဦး (အိမ်ခြေ ၅၃၈ လုံး)၊ ပဲခူးတိုင်းတွင် ၃၅၅၅ ဦး (အိမ်ခြေ ၈၉၆ လုံး)နှင့် ကချင်ပြည်နယ်တွင် ၈၁၁ ဦး (အိမ်ခြေ ၁၆၉ လုံး) တို့ဖြစ်သည်။
ဖော်ပြပါ လူဦးရေမှာ အိမ်ထောင်စုပေါင်း ၄၀၆၅၇ စုအား ကိုယ်စားပြုထားသည့် အရေအတွက်ဖြစ်ပြီး အိမ်ထောင်စုအားလုံးမှာ ရေကြီးရေလျှံမှုကြောင့် မိမိတို့၏ နေအိမ်များအား စွန့်လွှတ်ကာ ရေလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ဖောင်းကူးရွာဟောင်းနှင့် ဖောင်းကူးရွာသစ် အနိမ့်ပိုင်းရှိ နေအိမ်အချို့တွင် သြဂုတ်လ ၄ ရက်က အမြင့် ၂ ပေခန့်အထိ ရေတက်ခဲ့သော်လည်း ရေတက်နှုန်းမမြန်သဖြင့် စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကာ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ညောင်ပင်သာတွင် သုံးပေခန့်နှင့် အောင်မြင်မာန်ရပ်ကွက် အနိမ့်ပိုင်းများ ရေ၀င်မှုများ ရှိခဲ့သည်။
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ