မိုးရွာသွန်းပြီး ချောင်းရေတိုးမှုကြောင့် ကလေးမြို့ ဆည်တော်ဦးနှင့် အောင်မြင်သာရွာကြားရှိ ဆည်ကြီးချောင်းအား ဖြတ်သန်းထိုးထားသည့် အောင်မြင်သာရွာအ၀င်တံတားမှာ ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။
အထက်ပိုင်းမှ စီးလာသည့် ဆည်ကြီးချောင်းရေ ပြင်းထန်မှုကြောင့် အောင်မြင်သာရွာအ၀င်ဘက်ရှိ ချောင်းကူးတံတား (တောင်ဘက်တံတား) ချဉ်းကပ်လမ်းမှာ ငါးတောင်ခန့် (ခုနစ်ပေခွဲခန့်) ရေတိုက်စားခဲ့ခြင်းကြောင့် လူအများ သွားလာနိုင်ရန်အတွက် ယာယီတံတားများဆက်၍ ခင်းထားရသည်။
အဆိုပါတံတားမှာ ကလေးမြို့နယ်အတွင်းရှိ အောင်မြင်သာ၊ မြစိမ်းရောင်၊ လက်ပံချောင်း၊ မောက်လင်း၊ ပျဉ်းတောဦး စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ နေ့စဉ် အသုံးပြုနေရသည့် တံတားဖြစ်ပြီး ယင်းတံတားပျက်စီးပါက အခက်အခဲများစွာ ကြုံရမည်ဖြစ်ကြောင်း ဒေသခံ ကျောင်းဆရာမတစ်ဦးက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။
မြောက်ဘက်ရှိ ဆည်တော်ဦးကျေးရွာတံတား၏ ကြံ့ခိုင်မှုမှာလည်း စိုးရိမ်စရာ အနေအထားတွင် ရှိနေသည့်အတွက် ရေတိုက်စားခံရသည့် တောင်ဘက်တံတား ချဉ်းကပ်လမ်းအား ဆည်မြောင်းတာဝန်ရှိသူများ၊ ဒေသခံ မီးသတ်ရဲဘော်များနှင့် ကျေးရွာသူ ကျေးရွာသားများက မြေသားဖို့ခြင်း၊ တံတားအောက်ခြေရှိ ကမ်းပါးတစ်လျှောက် မြေသားနံရံများ ဖို့ခြင်းတို့အား လုပ်ဆောင်လျက် ရှိသည်။
ယခုကဲ့သို့ တံတား ချဉ်းကမ်းနေရာ မြေပြိုကျခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မည်ကို စိုးရိမ်၍ စားသောက်ကုန်ပစ္စည်းများအား သယ်ဆောင်နေခြင်းများလည် ဖြစ်ပေါ်လျက် ရှိသည်။
သန့်ဇင်ဆွေ