ရန်ကုန်၊ ဖေဖော်ဝါရီ ၆
အများနှင့် သက်ဆိုင်သည့် နေရာနှင့် လမ်းမများပေါ်တွင် ကွမ်းတံတွေးထွေးခြင်း အပါအ၀င် အညစ်အကြေးစွန့်ခြင်းများ ပြုလုပ်ပါက အမြင့်ဆုံး ငွေဒဏ် သုံးသိန်းအထိ ချမှတ်မည်ဖြစ်ကြောင်း အသစ်ပြဋ္ဌာန်းရန် ပြင်ဆင်နေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းတွင် ပါရှိသည်။
အတည်ပြု ပြဋ္ဌာန်းနိုင်ရန်အတွက် လူထု၏ သဘောထားမှတ်ချက် တောင်းခံထားသော ယင်းဥပဒေကြမ်းရှိ ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းရှိ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ” ပုဒ်မ ၃၈၆ တွင် ပါရှိသည်။
ပုဒ်မ ၃၈၆ (ရ) တွင် “အများပြည်သူနှင့် သက်ဆိုင်သည့် နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန် အညစ်အကြေးများ စွန့်ပစ်ခြင်း ပြုလုပ်ပါက ငွေဒဏ် သုံးသောင်းမှ သုံးသိန်းအထိ ချမှတ်မည် ဖြစ်သည်။
“အများပြည်သူနှင့် သက်ဆိုင်သည့် နေရာ” စကားလုံးနှင့် ပတ်သက်၍ သီးခြားအဓိပ္ပာယ် ဖွင့်ဆိုချက် မပါရှိသော်လည်း “အများပြည်သူဆိုင်ရာလမ်း” ဆိုသည့်စကားရပ်မှာ ကော်မတီက အများပြည်သူ အသုံးပြုရန် ပြုပြင်၊ ထိန်းသိမ်းထားသောလမ်းကို ဆိုလိုကြောင်း၊ ယင်းစကားရပ်တွင် ကိုယ်ပိုင်လမ်းအဖြစ်မှ အများပြည်သူဆိုင်ရာလမ်းအဖြစ်သို့ ပြောင်းလဲသတ်မှတ်သည့်လမ်းများလည်း ပါဝင်သည်ဟု ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။
သို့သော် မည်သည့်ပုံစံဖြင့် ဖမ်းဆီး ပြစ်ဒဏ်ချသွားမည်ကိုမူ ဥပဒေကြမ်းတွင် တိကျစွာ ဖော်ပြထားခြင်း မရှိသေးပေ။
အစိုးရရုံးဌာန၊ ကျောင်းနှင့် အများပြည်သူ အပန်းဖြေ အနားယူသည့် နေရာများတွင် ကွမ်းစားသုံးခြင်းနှင့် ကွမ်းတံတွေး ထွေးခြင်းများ မပြုလုပ်ရန် အစိုးရက ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားပြီး အစိုးရရုံးများတွင် ရုံးချိန်အတွင်း ကွမ်းမစားရ ကြေညာချက်များလည်း ထုတ်ပြန်ထားသေးသည်။
ကွမ်းစားခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးကလည်း “ကွမ်းစားသုံးမှု လျှော့ချရေးနှင့် ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးမှု ပပျောက်ရေး” အမည်ဖြင့် လူထုစစ်တမ်းတစ်ခုကို သမ္မရုံးဝက်ဘ်ဆိုက်မှတစ်ဆင့် ကောက်ယူခဲ့ဖူးသည်။
မေးခွန်း ငါးခုပါသည့် ယင်းစစ်တမ်းတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်အထိ ပေးထားသော စစ်တမ်းများအရ လုံးဝထောက်ခံသူ ၃၂%၊ မထောက်ခံသူ ၂%၊ ကွမ်းနှင့်အတူ လောင်းကစား၊ မူးယစ်ဆေးဝါး၊ အရက်သေစာများကို ထိထိရောက်ရောက် ထိန်းချုပ်ပေးစေလိုပါသည်ဟုဆိုသူ ၅၁%၊ မူဝါဒကို ထောက်ခံသည်၊ သို့သော် လုပ်နည်း မထောက်ခံပါ (ဥပမာ - ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးခြင်းကို ထိန်းချုပ်သည်ကို လက်ခံသော်လည်း ကွမ်းယာဆိုင် ပိတ်သိမ်းခြင်းကို မထောက်ခံပါ) က ၁၅ % အထိ ရှိသည်။
မြန်မာအပါအ၀င် အာရှနိုင်ငံအချို့တွင် စားသုံးလေ့ရှိသည့် ကွမ်းတွင် ကွမ်းသီးကို အစို၊ အခြောက်၊ ပုံစံအမျိုးမျိုးဖြင့် စားသုံးကြကာ အဓိကအားဖြင့် ဖောက်ထားသည့် ထုံး၊ ကွမ်းရွက်၊ ဖာလာစေ့၊ ဆေးရွက်ကြီးတို့ ပါဝင်လေ့ ရှိသည်။
ကွမ်းသီးသည် နီကိုတင်း၊ အယ်လ်ကိုဟောနှင့် ကဖိန်းဓာတ်တို့နှင့်အတူ လူသုံးအများဆုံး စိတ်ကို ပြောင်းလဲစေသည့် အစာအးသောက်တစ်မျိုးလည်း ဖြစ်သည်။
ကွမ်းကို အမျိုးသမီးနှင့် ကလေးငယ်များ စားသုံးမှုရှိနေသော်လည်း ကွမ်းစားသုံးသူ အများစုမှ အလုပ်လုပ်နိုင်သည့် အရွယ် အမျိုးသားများ ဖြစ်သည်။ နာရီပေါင်းများစွာ ဆက်တိုက် အလုပ်လုပ်ရသည့် ယာဉ်မောင်းများ၊ ငါးဖမ်းလှေ အလုပ်သမားများ၊ ဆောက်လုပ်ရေးလုပ်သားများမှာ တက်ကြွနေစေရန်အတွက် ကွမ်းကို စားသုံးလေ့ ရှိသည်။
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ