အရပ်ကတို့ရေ…ကောင်းကြသေးရဲ့လားဗျို့…ဘယ့်နှဲ့ဗျာ…ဗမာထိုင် ၁၀၀၊ ဘိုထိုင် ၂၀၀ တဲ့လေ။
ငါ့ဝမ်းက ဆူ တအူအူနဲ့မို့ စီးလာတဲ့ ကားလေး ခဏရပ်လိုက်တာက ကျုပ်တို့ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်ကို အစွဲပြု မှည့်ခေါ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဆိုးတန်းတံတားအောက်။ တိတိကျကျ ပြောရရင် အဲဒီ့အောက်က အများသုံးရေအိမ်။
ကပျာကယာနဲ့ ပြေးဝင်သွားတော့ စစချင်း တွေ့ရတာက မ၀င်ခင် ငွေကြိုရှင်းပါတဲ့။ ဒါနဲ့ ကောင်တာမှာ ခပ်ပုံ့ပုံ့ ထိုင်နေတဲ့ အမျိုးသမီးကို မေးတော့ ဖွတ်ကလိင်္ဒါး ၁၀၀ ဆိုတော့ ၂၀၀ ကျပ်တန်ထုတ်၊ ပြန်အမ်းငွေလေး ၁၀၀ ယူပြီး ကသောကဗျောနဲ့ ကျား ဆိုတဲ့ စာတန်းအောက် ပြေးဝင်မိရဲ့။
ပြေးဝင်သွားပေမယ့် ကိုရင်မောင်တို့ ကံမကောင်းချက်။ လေးခန်းလောက်ရှိတဲ့ အိမ်သာလေးမှာ ငါ့ဝမ်းဆူ တအူအူ သမားတွေက အစီအရီနဲ့။ ကိုယ်ကလည်း အခင်းလေး သွားချင်တာ မဟုတ်၊ အခင်းကြီးဆိုတော့ ဖင်လေးရှုံ့၊ ခါးလေးကော့ပြီး အ၀င်ဝကို ပြန်ထွက်ပြီး စောင့်တော်မူရဲ့။ ဒီတင်ပဲ ထူးထူးခြားခြား စာတန်းတစ်ခုနဲ့ အခန်းကို ဘေးချင်းကပ်မှာ မြင်ရရဲ့။ ဒါနဲ့ မျက်လုံးလေး ခပ်စွေစွေထားပြီး ကြည့်လိုက်တော့ “ဘိုထိုင်သီးသန့်”။
ဝမ်းသာအားရ အိနြေ္ဒရရ လှမ်းသွားလိုက်တော့ အိမ်သာဝင်တဲ့ အခန်းကြီးကို သော့ကြီးက ခတ်လို့။ အနားမှာ အလုပ်လုပ်နေတဲ့ အသက် ၃၀ ကျော် လူရွယ်တစ်ဦးက အဲဒီမှာ သုံးရင် ဖွတ်ကလိဒင်္ဂါး ၂၀၀ တဲ့။ အောင်မလေးဗျာ…စိတ်ထဲက ပြောမိရင်း… “ပေးမှာပေါ့ဗျာ…အခုနက ၁၀၀ ပေးပြီး ရော့ နောက်ထပ် ၁၀၀” ဆိုပြီး ဖွတ်ကလိဒင်္ဂါးလေး ပေးလိုက်တော့မှာ ဘိုထိုင်သီးသန့်ဆိုတဲ့ အခန်းကို ပိတ်ထားတဲ့ သော့ခလောက်ကြီးက ဖျောက်ခနဲဆို ပွင့်ပါလေကော။
ဗမာထိုင်မှာထက် ဖွတ်ကလိဒင်္ဂါး နှစ်ဆပေးရတဲ့ အခန်းဆိုလို့ ၀င်ဝင်ချင်း ကြည့်လိုက်တော့ မီးက မလာ၊ မတ်တပ်ရပ်ရင် အပေါ့စွန့်တဲ့ ကြွေခုံက ပလတ်စတစ်အိတ် အမဲတွေ အုပ်လို့။ အဲဒီအချိန်ခဏ လူရွယ်က ကိုယ့်ကို ဖြတ်ကျော်သွားရင်း ဂျောက် ဂျောက်နဲ့ ဖွင့်လိုက်တော့မှ ဘိုထိုင်သီးသန့်ခန်းကြီးက လင်းခနဲ လတ်ခနဲ ဖြစ်ပြီး ရေမော်တာသံတွေပါ ထွက်လာတော့တယ်။
ရေအိမ်ခန်း နှစ်ခန်းရှိတဲ့အနက် တွေ့တန်းအခန်းထဲက ရေအိမ်ပေါ် ဘိုထိုင်ထိုင်လို့ လွယ်ထားရတဲ့ ဒုက္ခကို ဖြေရှင်းရင်း တွေးမိတာက အများသုံးအိမ်သာမှာ ဘိုထိုင်နဲ့ ဗမာထိုင်ကို ဖွတ်ကလိဒင်္ဂါးနဲ့ ခွဲခြားပြီး လုပ်လေသလဲပေါ့။
ကိစ္စက ထိပ်ဝရောက်တာကို ကမန်းကတန်း ဖြေရှင်းအပြီး ရေအိမ်ခန်းက ခပ်သုတ်သုတ် ထွက်လိုက်ရင်း ပြန်မော့ကြည့်မိတာက “ဘိုထိုင်သီးသန့်” ဆိုတဲ့ ဆိုင်းဘုတ်လေ။
အများသုံး ရေအိမ်ဆိုတာ လူတိုင်းအတွက် မဟုတ်ပေဘူးလားလို့။ သိုးဆောင်း အဖြူ ဘိုထိုင်တို့၊ ဆောင့်ကြောင့်ထိုင် ဗမာထိုင်တို့ ခွဲခြားထားတာက အဘယ်ပညာရှိများရဲ့ ရွှေဉာဏ်တော် ကွန့်မြူးမှုပါလိမ့်။ ဘဲလူးအဒက် Value Added လုပ်ထားတာမို့ ၀န်ဆောင်မှုဆိုတဲ့ Service ကြေး ယူတယ်ဆိုလည်း ဟုတ်တုပ်တုပ်ရယ်။ အပေါ့အလေး သွားပြီး လက်ဆေးစရာ ဘောစင်က နိတ္ထိ။ ဒါပေသိ ဖွတ်ကလိဒင်္ဂါးတော့ ၂၀၀ ထိသွားတယ်။
ဒါကြောင့် မိဘပြည်သူအပေါင်းတို့ရေ…နောက်နောင်များ ငါ့ဝမ်းဆူလာ မအီမသာဖြစ်လို့ အများသုံးရေအိမ်တွေကို သုံးရတော့မယ်ဆိုရင်ဖြင့် ဘိုင်ထိုင်လား၊ ဗမာထိုင်လားဆိုတာ မေးမြန်းပြီးမှ ၀င်တော်မူကြပါကုန်လော့။
ရွှေမျက်လုံး