ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံမြေက သမိုင်းဝင်ဘုရားတွေ မြေခချိန်မှာ ဒီဖြစ်ရပ်ဟာ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အောင်မြင်မဲ့နိမိတ်” (၀ါ) “၂၁ ပင်လုံရဲ့ အောင်မြင်မဲ့နိမိတ်” လို့ ထပြောလိုက်သူကြောင့် လူတော်တော်များများ အံ့အားသင့်ခဲ့ရပါတယ်။
သြဂုတ် ၂၅ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ ရက်ခ်ျတာစကေးရှိတဲ့ ငလျင်ကြောင့် သမိုင်းဝင် ပုဂံမြေက စေတီပုထိုးပေါင်း ၁၈၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသလို အနီးအနား မြို့တွေဖြစ်တဲ့ ပခုက္ကူ၊ စလေ၊ မြောက်ဦး စတဲ့မြို့တွေမှာလည်း စေတီပုထိုးတွေအပြင် ဘုရားကျောင်းကန်တွေ ပျက်စီးခဲ့ပါသေးတယ်။ ဒါ့အပြင် ပခုက္ကူက ဆေးပေါင်းရုံတစ်ခု ပြိုကျလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရသလို ချောက်မှာလည်း အမျိုးသမီးငယ်လေး နှစ်ဦး သေဆုံးခဲ့ရပါတယ်။
ပြင်းထန်တဲ့ ငလျင်ကြောင့် ထိခိုက်မှုနဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်အပါအ၀င် အမေရိကန်သမ္မတလောင်းအဖြစ် ၀င်ပြိုင်နေတဲ့ ဒေါ်နယ်ထရမ့်လို လူကတောင် ငလျင်ဒဏ်ထိ မြန်မာပြည်သူတွေအတွက် စိုးရိမ်နေကြကြောင်း ထုတ်ဖော်ပြောဆိုချိန်မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အောင်မြင်မဲ့နိမိတ်”လို့ ဆိုလိုက်သူက ပြည်သူတွေက မဲပေးရွေးချယ်လိုက်တဲ့ အမျိုးသားလွှတ်တော်တွင်းက NLD အမျိုးသမီးအမတ်ပါ။
Thiri Yadanar (Mee Mee) ဆို ဖွင့်ထားတဲ့ သူမရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ ဒီငလျင်နဲ့ လွှတ်တော်တွင်းမှာ လုပ်နေတဲ့ ၂၁ ပင်လုံညီလာခံနဲ့ ဆက်စပ်တဲ့ ဆွေးနွေးပွဲကို အခုလို ချိတ်ဆက်ပြီး ဒါဟာ ကောင်းမွန်တဲ့ နိမိတ်တစ်ခုလို့ ရေးသားထားတာပါ။ သူမ ရေးသားခဲ့တဲ့ စာအတိအကျက ဒီလိုပါ။
“အချိန်က ၂၄၊၈၊၂၀၁၆ ညနေ ပြင်းအားအတော်များတဲ့ ငလျင်တစ်ခု ကျမတို့ လွှတ်တော်ထဲမှာရှိတုန်း လှုပ်ခတ်သွားခဲ့ပါတယ်။ ထူးခြားတာက ကျမတို့နိုင်ငံမှာ နဂိုက အသံတောင်ကြားလို့မရတဲ့ ကျမတို့ခေါင်းဆောင် ဟိုတုန်းကတည်းက တစ်စိုက်မတ်မတ်ပြောခဲ့တဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးအကြောင်းကို လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက စိတ်ဝင်တစား ဆွေးနွေးသုံးသပ်နေကြချိန်…
ကမ္ဘာမြေကြီးကတောင် တုန်လှုပ်သွားပြီ ထင်ပါရဲ့။ တုန်တုန်ယင်ယင်နဲ့ လှုပ်ခတ်လို့ပေါ့…။
အားလုံးကို လှုပ်နိုးလိုက်တဲ့ နိမိတ်တစ်ခုလေလားလို့ ကျမ စဉ်းစားလိုက်မိတယ်။ မကြာခင် ကျင်းပတော့မဲ့ ၂၁ ရာစုပင်လုံအတွက် အားလုံးနိုးထကြဖို့ ကမ္ဘာမြေကြီးက သတိပေးခြင်းလေလားပေါ့။ ဘာကြောင့် ဒီလို ကျမပြောရသလဲဆိုတော့ ဒီးနေ့ဆွေးနွေးတဲ့ဖက်ဒရယ်အကြောင်းကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်ပြီး ပျော်ရွှင်စွာ ဆွေးနွေးကြတဲ့အပေါ် ကျမတို့ရင်ထဲ ကြည်နူးမှုကိုယ်စီနဲ့…မတူညီတဲ့ပါတီကသူတွေပေမဲ့ အဲဒီမတူညီမှုကိုပဲ အလေးထားဆက်ဆံပြီး အသိအမှတ်ပြုကြရင်း မတူညီတဲ့ ရိုးရာဝတ်စုံတွေနဲ့ အမှတ်တရဓာတ်ပုံတွေရိုက်ကြပြီး ပျော်ရွှင်နေကြတာလေ။
ဒါဟာ ကောင်းတဲ့ကိစ္စမို့ ကမ္ဘာမြေကြီးက တုန်လှုပ်တယ်လို့ ကျမပြောတာက အကြောင်းမဲ့တော့ မဟုတ်ဘူး။ အကြောင်းက ငလျင်လှုပ်ပြီးချိန်မှာ ကျမတို့လွှတ်တော်ထဲ အရောင်စုံပြီး လှပတဲ့သက်တန့်ကြီးတစ်စင်းဟာ ကြည်လင်တဲ့ကောင်းကင်ကြီးကို နောက်ခံပြုလို့ လွှတ်တော်ကြီးကို အုပ်မိုးပေါ်ပေါက်လာလို့ပါ။
အားလုံးလည်း သိပြီးကြတဲ့အတိုင်း ငလျင်ဟာ ခဏခဏမလှုပ်တတ်သလို သက်တန့်ဟာလည်း ဒီလိုပဲ မဟုတ်လား။ ကျမကတော့ သိပ္ပံပညာတွေကို ခဏဘေးဖယ်လို့ ဒီလို ထူးခြားတိုက်ဆိုင်မှုကို လူထုခေါင်းဆောင်ဦးဆောင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အောင်မြင်မဲ့နိမိတ်အဖြစ် မှတ်ယူလိုက်ပါတယ်။
ဟုတ်တယ်လေ။ ဟိုခေတ်တစ်ခါက ခွဲထွက်ရေးလို့ယူဆသူတွေကြောင့် ဆွေးနွေးခွင့်မပြောနဲ့ ဝေါဟာရအဖြစ် သုံးစွဲခွင့်တောင်မရခဲ့တဲ့ ဒီဖက်ဒရယ်အကြောင်း၊ တစ်နည်း အထူးသဖြင့် တိုင်းရင်းသားတွေအကြား ဆွေးနွေးညှိနှိုင်းရမဲ့ကိစ္စတွေကို ဆွေးနွေးနေတုန်း ငလျင်လှုပ်တယ်။ မကောင်းတဲ့နိမိတ်များလားလို့ ယူဆလို့ လုံးဝမရအောင် မတူညီတဲ့အရောင်တွေပေါင်းစုံပြီး လှချင်တိုင်းလှနေတဲ့ သက်တန့်ကြီးနဲ့ နိမိတ်ပြလိုက်တယ်။
ကဲ...အထင်ကရ အဆောက်အဦးပေမဲ့ အရည်အသွေးပိုင်းဆိုင်ရာ မေးခွန်းထုတ်ချင်စရာ ဖြစ်သွားတာလဲ ဘယ်သူငြင်းမလဲ…။” တဲ့
၂၁ ပင်လုံညီလာခံကြီး အောင်မြင်စေချင်တဲ့ စိတ်ဆန္ဒတွေဟာ သူမရဲ့ စာတွေမှာ ပေါ်လွင်လှပေမယ့်လည်း တူယှဉ်တွဲ မခိုင်းနှိုင်းသင့်တဲ့ ကိစ္စရပ်နှစ်ခုကို ခိုင်းနှိုင်းလိုက်တာဟာ တကယ်တော့ မဖြစ်သင့်တဲ့လုပ်ရပ်ပါ။
နောက်ထပ် ပိုဆိုးတာတစ်ခုကတော့ လွှတ်တော်အမတ် အမျိုးသမီးရေးတာနဲ့ ပတ်သက်လို့ လူမှုကွန်ရက် ဖေ့ဘုတ်ပေါ်မှာ အတော့်ကို ပွတ်လောညံပြီးနောက် အဲဒီပို့စ်ကို ဖြုတ်သွားပါတော့တယ်။ ဒါ့အပြင် သူမရဲ့ ဖေ့ဘုတ် Timeline မှာ သူမရဲ့ မိတ်ဆွေတစ်ဦးက သူမ ရေးထားတာကို ပြန်ကူးယူဖော်ပြထားတဲ့ ပို့စ်ကိုလည်း ပြန်ဖြုတ်သွားခဲ့ပါတယ်။ သူတို့ မသိလိုက်တာလား၊ မသိတာလားတော့ မပြောတတ်။ လွှတ်တော်အမတ် အမျိုးသမီး ရေးထားတဲ့စာတွေကို နက်တီဇင်တွေက ကူးယူပြီးသား ဖြစ်တယ်ဆိုတာကိုပါ။ ဒီတော့ ရေးထားတဲ့ပို့စ်ကို ဘယ်လိုပင် ဖြုတ်ဖြုတ် အဲဒီရေးသားချက်တွေက လူမှုကွန်ရက်ပေါ်မှာ ပလူပျံလျက်ပါပဲ။
သူမရဲ့ ရေးသားချက်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ဆရာမလုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက “ခက်ပါတယ်နော် ဒါမျိုးတွေ လွှတ်တော်ထဲမှာ များနေရင် မလွယ်ဘူး ။ သူ့ဟာဖတ်ပြီး စိတ်က တိုလာရော” လို့ မှတ်ချက်ပြုထားလေရဲ့။ ဒါ့အပြင် “ငလျင်ကြောင့်အားလုံးစိတ်ဆင်းရဲနေတဲ့ အချိန်မှာ လွှတ်တော်အမတ်တဦးက မင်္ဂလာကိစ္စသဖွယ် ရေးပြီးတင်တယ်။ နောက်တော့ သူတင်ထားတဲ့ပိုစ် သူပြန်ဖျက်သွားတယ် စိတ်ညစ်တယ်” လို့ ပြောဆိုထားသူတွေလည်း ရှိပါတယ်။
ဒီနေရာမှာ ပြောစရာ ရှိတာက သူမရဲ့ စိတ်ခံစားမှုကို သူမရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်ပေါ်မှာ ရေးတာ အပြစ်လားဆိုရင်တော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ သူမဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ် တစ်ဦြး့ဖစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံး စိတ်နှလုံး ထိခိုက်ရတဲ့ ဖြစ်ရပ်ကို မဆီရေးတဲ့ မဆိုင် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အောင်မြင်မဲ့နိမိတ်” လို့ ဆွဲချိတ် ရေးသားခဲ့တာကတော့ မဖြစ်သင့်တဲ့ကိစ္စတစ်ရပ်အဖြစ် မြင်မိပါတယ်။
အခိုင်းအနှိုင်းမတတ်တဲ့အတွက် စိတ်ခံစားမှုကို ရေးတာဖြစ်ပေမယ့်လည်း ပါတီခေါင်းဆောင်ကို လော်ဘီလုပ်လိုဇောနဲ့ ရေးတာလို့ပဲ သတ်မှတ်ခံလိုက်ရတယ် မဟုတ်ပါလား။
ပင်လုံညီလာခံကြီး အောင်မြင်စေချင်ဇောနဲ့ ငလျင်လှုပ်တာဟာ ကောင်းတဲ့နိမိတ်လို့ သုံးစွဲတာဟာ အတွေးသိမ်တဲ့သဘော သက်ရောက်နေပါတယ်။ ငလျင်လှုပ်တိုင်းသာ ကောင်းတဲ့နိမိတ်၊ ရောင်စုံသက်တန့်ကြီး ပေါ်တာဟာ ကောင်းတဲ့နိမိတ်လို့ သတ်မှတ်နေမယ်ဆိုရင် ငလျင်မလှုပ်၊ သက်တန့်မပေါ်တဲ့ အချိန်တွေဟာ ညီလာခံ မအောင်မြင်တဲ့နိမိတ်လားNLD ပါတီခေါင်းဆောင်လည်း ဖြစ်၊ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နေတဲ့ ၂၁ ပင်လုံညီလာခံ အောင်မြင်စေချင်တာဟာ လူတိုင်းမှာ ရှိပြီးသားလို့ ယုံကြည်ပြီးသားပါ။ ဒါပေမဲ့လည်း ၂၁ ပင်လုံညီလာခံကြီး အောင်မြင်စေချင်ဇောနဲ့ ငလျင်လှုပ်တာဟာ ကောင်းတဲ့နိမိတ်လို့ သုံးစွဲတာဟာ အတွေးသိမ်တဲ့သဘော သက်ရောက်နေပါတယ်။ ငလျင်လှုပ်တိုင်းသာ ကောင်းတဲ့နိမိတ်၊ ရောင်စုံသက်တန့်ကြီး ပေါ်တာဟာ ကောင်းတဲ့နိမိတ်လို့ သတ်မှတ်နေမယ်ဆိုရင် ငလျင်မလှုပ်၊ သက်တန့်မပေါ်တဲ့ အချိန်တွေဟာ ညီလာခံ မအောင်မြင်တဲ့နိမိတ်လားလို့ ညစ်ပေါက်ကပ်ကျယ် မေးရတော့မှာပါ။
တကယ်တော့ ၂၁ ပင်လုံမတိုင်မီ ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့တဲ့ ပင်လုံကိစ္စ မတိုင်ခင်ကတည်းက ပုဂံမှာ ရှေးသမိုင်းဝင် ဘုရားဟောင်းတွေ ရှိခဲ့တာပါ။ ပင်လုံဟာ နိုင်ငံရေးကိစ္စဖြစ်ပြီး ပုဂံက စေတီပုထိုးတွေဟာ နိုင်ငံက ကာကွယ်ရမယ့် သမိုင်းဝင်နေရာတွေပါ။ လားလားမှ မသက်ဆိုင်ပါဘူး။
မည်သို့ပင်ဆိုစေ ပြည်သူ့ကိုယ်စား လွှတ်တော်တက်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ အသံကိုတော့ နားထောင်သင့်တယ်လို့ပဲ ပြောပါရစေ။ မိမိ စိတ်ခံစားမှုကို ရေးသားဖော်ပြခွင့်ရှိတယ်ဆိုပေမယ့် မိမိဟာ သာမန်အရပ်သား၊ ပါတီဝင်တစ်ဦးအဖြစ် ခံယူထားတယ်ဆိုသော်ငြားလည်း ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေပြီဖြစ်တဲ့အတွက် လူထုကို မျက်နှာမူဖို့ လိုအပ်နေပါပြီ။ လူထုရဲ့ စိတ်ခံစားမှုကို နားလည်ဖို့ လိုနေပါပြီဆိုတဲ့အကြောင်းတော့ စေတနာရှေ့ထားပြီး မီးမောင်းထိုး တင်ပြလိုက်ပါရစေ။
အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)