ပြည်၊ သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့တွင် တစ်နိုင်ငံလုံးမီတာထိန်းသိမ်းခ ၅၀၀ ကျပ် ပပျောက်စေရန်နှင့် လျှပ်စစ်မီး ၂၄ နာရီရရှိရေးတို့အတွက် သြဂုတ်လ နံနက် ၉ နာရီခန့်က ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် လူ ၁၀ ဦးခန့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့ပြည်မြို့မှာ မီးတွေခဏခဏပျက်တယ်၊ ပွင့်လင်းမြင်သာမှုမရှိပဲနဲ့ပျက်တာ။ ဘယ်အချိန်မီးပျက်မယ်၊ ဘယ်အချိန်မီးလာမယ်ဆိုတာကို ပြည်သူလူထုကို ကြိုတင်အကြောင်းကြားခြင်းမရှိဘူး။ ရဝတရုံးတွေ စာပို့တယ်လို့ပဲ ပြောတယ်။ ခဏခဏ မီးပျက်လို့ ဖုန်းဆက်လိုက်ရင် ဘရိတ်ဒေါင်းဖြစ်လို့၊ လိုင်းဖေါ့ဖြစ်လို့ပါဆိုပြီး ဆင်ခြေတွေပေးတယ်။ မီးတွေက နေ့စဉ်လိုလို ဟိုရပ်ကွက်ပျက်လိုက် ဒီရပ်ကွက်ပျက်လိုက်နဲ့ ဖြစ်နေတဲ့အတွက် မီးပျက်ရင် ပွင့်လင်းမြင်သာမှုရယ်။ ၂၄ နာရီ တက်နိုင်သလောက်မီးကို အချိန်ပြည့်ပေးဖို့ နောက်ပြီးတော့ မီတာထိန်းသိမ်းခ ဝန်ဆောင်ခ ၅၀၀ ဆက်ယူနေတာ ဒီအစိုးရလက်ထက်မှာ မယူဖို့ ကျွန်တော်တို့ ဆန္ဒပြနေတာပါ” ဟု ဆန္ဒပြဦးဆောင်သူ ဦးဝင်းလှိုင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။
ဆန္ဒပြပွဲကို ပြည်သူလူထုအားလပ်ချိန် ညပိုင်းတွင်ပြုလုပ်ရန် မြို့နယ်ရဲမှူးရုံးတွင်တင်ပြခဲ့သော်လည်း ရုံးဖွင့်ချိန်တွင်သာ ဆန္ဒပြရန် ခွင့်ပြုသည့်အတွက် မနက်ပိုင်းတွင် ဆန္ဒပြခဲ့ရခြင်းဖြစ်သည်။
ပြည်မြို့တွင် အပါတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင်သာ ဓါတ်ကြိုးနှင့် မလွတ်ကင်းသည့်သစ်ပင်များ ခုတ်ထွင် ရှင်းလင်းနေသောကြောင့် အလှည့်ကျမီးဖျက်ရခြင်းဖြစ်ကြောင်းနှင့် မီးဖျက်မည်ဆိုပါက ရပ်ကွက်များအတွင်း အသံချဲ့စက်များဖြင့် ကြိုတင်လိုက်လံအသိပေးနှိုးဆော်ပေးကြောင်းနှင့် အိမ်သုံးမီတာတစ်လုံးလျှင် လစဉ် ထိန်းသိမ်းခ ကျပ် ၅၀၀၊ ပါဝါမီတာတစ်လုံးလျှင် ကျပ် ၂၀၀၀ နှင့် ကိုယ်ပိုင်ထရန်စဖော်မာတစ်လုံးလျှင် ကျပ် ၅၀၀၀ ပေးဆောင်ရပြီး ပြည်မြို့နယ်အတွင်း အိမ်သုံး လျှပ်စစ်မီတာ အလုံးပေါင်း ၂၈၀၀၀ ကျော်၊ ပါဝါမီတာ အလုံး ၆၇၀ နှင့် ကိုယ်ပိုင်ထန်စဖေါ်မာအလုံးပေါင်း ၂၇၀ ရှိပြီး တစ်ရက်လျှင် ၁၈ မီဂါဝက်ခန့် အသုံးပြုနေကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင်မြင့်အေးက ပြောသည်။
ခိုင်သစ် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)