ကြံ့ခိုင်ရေးမှ ဒေါက်တာစိုင်းမောက်ခမ်း ၃၁၇ မဲအနက် ၂၉ မဲသာ ထောက်ခံမဲရ
ရန်ကုန်၊ မတ် ၁၁ပြည်သူ့လွှတ်တော် အစုအဖွဲ့၏ ဒုသမ္မတအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ အမည်စာရင်း တင်သွင်းထားသူ ဦးထင်ကျော်ကို အတည်ပြု ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မတ်လ ၁၁ ရက် လွှတ်တော်အစည်းအဝေးတွင် ကြေညာလိုက်သည်။
ဦးထင်ကျော်မှာ ကြံ့ခိုင်ရေးပါတီမှ နာမည်စာရင်း တင်သွင်းထားသူ လက်ရှိ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ယှဉ်ပြိုင် အရွေးချယ်ခံရာတွင် ဆန္ဒမဲစုစုပေါင်း ၃၁၇ မဲအနက် ထောက်ခံမဲ ၂၇၄ ရရှိခဲ့သဖြင့် ဒုသမ္မတအဖြစ် အတည်ပြု ရွေးချယ်ခံရခြင်း ဖြစ်သည်။
ပြိုင်ဘက်ဖြစ်သူ လက်ရှိ ဒုသမ္မတ ဒေါက်တာစိုင်းမောင်ခမ်းမှာ ထောက်ခံမဲ ၂၉ မဲသာ ရရှိခဲ့သည်။ မဲစုစုပေါင်း ၃၁၇ မဲအနက် ၁၄ မဲမှာ သတ်မှတ်ချက်နှင့် မကိုက်ညီသည့်အတွက် ပယ်မဲအဖြစ် သတ်မှတ်ခဲ့သည်။
ဦးထင်ကျော်မှာ ယခုကဲ့သို့ ပြည်သူ့လွှတ်တော်မှ အမည်စာရင်း တင်သွင်းသော ဒုသမ္မတဖြစ်သွားပြီဖြစ်ကာ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားကိုယ်စားလှယ်တို့မှ တင်သွင်းလာမည့် ဒုသမ္မတတို့နှင့် သမ္မတရာထူးအတွက် ထပ်မံယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။
ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရသည့် ဦးထင်ကျော်မှာ ၁၉၆၂ ခုနှစ် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ မဟာစီးပွားရေးဘွဲ့ ရရှိခဲ့ပြီး ရန်ကုန် ကွန်ပျူတာဌာန၏ ပထမဆုံး နိုင်ငံခြားပညာတော်သင် လွှတ်ခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် အစိုးရ၀န်ထမ်းဘ၀မှ အနားယူကာ NLD ပါတီသို့ ၀င်ရောက်ခဲ့သူဖြစ်သည်။
ဦးထင်ကျော်မှာ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်ပြီး နာမည်ကျော် စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက် သားလည်း ဖြစ်သည်။ ဦးထင်ကျော်မှာ ဖခင်၏ ကလောင်ခွဲဖြစ်သည့် ဒလဘန်းအမည်ဖြင့် စာပေများ ရေးသားနေသူလည်း ဖြစ်ကာ ပါတီဥက္ကဋ္ဌ၏ ယုံကြည်ခြင်းခံရသူ လက်ရှိပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်၏ ခင်ပွန်းလည်း ဖြစ်သည်။
ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရသူ ဦးထင်ကျော်မှာ NLD ပါတီထက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ပိုမိုနီးစပ်သူဖြစ်ကာ NLD ပါတီ အနိုင်ရစဉ်ကတည်းက သမ္မတလောင်းအဖြစ် ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ် ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ပေးခဲ့သူ လူနည်းစုထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး အကျယ်ချုပ်လွတ်မြောက်၍ လူထုအား ပထမဆုံးအကြိမ် လူထုအား မိန့်ခွန်းပြောစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည် နံဘေးတွင် ရှိနေခဲ့သူတစ်ဦး ဖြစ်သည်။
အောက်ချင်းသတင်းအေဂျင်စီ