Friday, March 4, 2016

မြန်မာ့အောင်သံ

ရင့်ကျက်တဲ့ အတိုက်အခံဖြစ်အောင် ပါတီထောင်မယ် - (ဦး) မိုးသီးဇွန်

နိုင်ငံရေးပါတီတစ်ရပ် ထူထောင်မည့် ၈၈ ကျောင်းသားခေါင်းဆောင် (ဦး) မိုးသီဇွန်နှင့် နိုင်ငံရေး စကားစမြည်

၈၈ ကျောင်းသားခေါင်းဆောင် (ဦး) မိုးသီဇွန်
၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးတွင် ကျောင်းသားခေါင်းဆောင်အဖြစ် ထင်ရှားခဲ့သူ (ဦး) မိုးသီးဇွန်က လာမယ့် အစိုးရလက်ထက်တွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း ဟူသည့် လောကပါလ တရားသုံးပါးနှင့်အညီ ပါတီတစ်ရပ် ထူထောင်ရန် ပြင်ဆင်လျက် ရှိသည်။

လက်ရှိ နိုင်ငံ့အနေအထားမှာ အဘက်ဘက်တွင် အရှိန်အဟုန်ဖြင့် ကျဆင်းလျက်ရှိနေခြင်းက ပါတီထောင်ရန်အတွက် တွန်းအားဖြစ်စေခဲ့သည်ဟု (ဦး) မိုးသီးဇွန်က ပြောကြားထားပြီး ၄င်း ထူထောင်မည့် ပါတီနှင့် ပတ်သက်၍ မတ်လ ၃ ရက်တွင် အွန်လိုင်းမှတစ်ဆင့် မေးမြန်းခဲ့သည်များကို အောက်ချင်းသတင်း အေဂျင်စီက ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး - အခု ပါတီထောင်တော့မယ်ဆိုတော့ ဘယ်လိုအချက်တွေက ပါတီထောင်ဖို့အတွက် တွန်းအားတွေ ဖြစ်လာတာလဲ ခင်ဗျ။

ဖြေ - လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုရဲ့ ဘ၀တွေကိုကြည့်လိုက်ဗျ၊ မြေသိမ်း၊ ယာသိမ်း၊ အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံး၊ နိုင်ငံခြားကုမ္မဏီတွေနဲ့ လက်သိပ်ထိုး လက်မှတ်တွေထိုးပြီး ကိုယ့်နိုင်ငံရဲ့ တောတောင်ရေမြေတွေကို စည်းပျက်ကမ်းပျက် ထိုးရောင်း၊ အဲဒီလို ရောင်းလိုက်လို့လည်း တိုင်းပြည်နဲ့ပြည်သူလူထုအတွက်က တကယ်တမ်း အကျိုးမရှိပဲ လူနည်းစုကပဲ ကောင်းစားပြီးရင်း ကောင်းစားသွားတယ်။ ဒါတွေက ဘာကိုပြသလဲဆိုရင် ဖိနှိပ်သူ လူနည်းစုနဲ့ ဖိနှိပ်ခံ ပြည်သူလူထုကြီးရဲ့ အင်မတန်မှ ကြီးမားတဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ဆက်ဖြစ်နေပြီး၊ ပြည်သူလူထုကို တကယ်ကိုယ်စားပြုမယ့် အင်အားစု ကောင်းကောင်း လိုအပ်နေတယ်။ နိုင်ငံရေးပါတီဆိုတာ မူရှိရတယ်ဗျ၊ နောက်တော့ ပါတီ ဦးဆောင်မှုကနေ၊ သာမာန်ပါတီဝင်တွေအထိ ကိုယ့်မူကို ကိုယ် အာမခံရတယ်။ ဆွမ်းတော်ကြီးလောင်းအသင်းလို ရော့တိရောရဲနိုင်မှု၊ သင်္ကြန်သံချပ် အဖွဲ့မျိုးလို ဟေးလားဝါးလား အုတ်အော်သောင်းတင်း လောက်နဲ့ Nation Building ကို သွားဖို့ရာ မလွယ်ဘူးဗျ။ အိမ်နီးချင်းနိုင်ငံတွေကို ပြန်ကြည့်ရင် စီးပွားရေးအရ ကျွန်တော်တို့က ဘင်္ဂလားထက်တောင်မှ နိမ့်နေသေးတယ်။ စစ်ရေးအရလည်း ကိုယ့်တိုင်းရင်းသားတွေကိုသာ အကြင်နာကင်းကင်း ပစ်ခတ်သတ်ဖြတ်နေတာ၊ တကယ်တမ်း ကိုယ့်ကိုကိုယ် မညာကြေး ပြောရရင် အိမ်နီးချင်းနိုင်ငံတွေက ဘယ်စစ်တပ်ကိုမှ ယှဉ်နိုင်တဲ့ အနေအထားလည်း မရှိဘူး။ စစ်တပ်ကလည်း သူတို့လုပ်နေကျအတိုင်းသာ ၀ါဒဖြန့်ပြီး ပြောနေတာ၊ သူတို့ အနေအထား သူတို့သိတယ်။ ပညာရေးအရလည်း ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေက အင်မတန်မှ နောက်မျိုးဆက်တွေအတွက် စိတ်မကောင်းစရာ။ ဒီတော့ဗျာ ဘက်ပေါင်းစုံက အရှိန်အဟုန် အပြင်းဆုံးနဲ့ ထိုးကျနေတယ်။ ဒီအခြေနေတွေက ကျွန်တော်တို့ ကို ပါတီတစ်ခု တည်ထောင်ဖို့ တွန်းအားပေးနေပါတယ်။

မေး - ပါတီထောင်တော့မယ်ဆိုတော့ ပါတီရဲ့ မူဝါဒတွေကိုကော ဘယ်လို ချမှတ်ထားသလဲ။

ဖြေ - မူဝါဒကတော့ ရှင်းရှင်းလေးပဲဗျာ။ လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး ငြိမ်းငြိမ်းချမ်းချမ်း သိက္ခာရှိရှိနဲ့ လူ့ အခွင့်အရေးအပြည့်ရှိပြီး သိက္ခာရှိတဲ့၊ ထမင်းနပ်မှန်တဲ့၊ ကလေးတွေ နိုင်ငံတကာအဆင့်မီ ပညာရေးရှိတဲ့၊ အစိုးရက ပြည်သူကို အလုပ်အကျွေးပြုတဲ့ လမ်းစဉ်ပါပဲ ။ ချုပ်ပြောရရင်တော့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလ သုံးပါးကို ဦးထိပ်ထားမယ်။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းပစ်ရေး၊ ဒီမိုကရေစီရေး၊ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးဟာ ကျွန်တော် တည်ထောင်မယ့် ပါတီမူတွေ ဖြစ်လာမယ်။ အဲဒီနောက်မှာတော့ လူအခွင့်အရေး၊ ပြည်သူလူထုအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး ၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ စာရိတ္တ မြင့်တင်ရေး၊ ခြစားမှုတိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အိမ်တွင်း အကြမ်းဖက်မှုများ ပပျောက်ရေး၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရေး အတွက် ဘယ်နည်းဘယ်ဟန်ဆိုတဲ့ အသေးစိတ်ကျတဲ့ အခန်းကဏ္ဍတွေ ရှိတာပေါ့။
၈၈ ကျောင်းသားခေါင်းဆောင် (ဦး) မိုးသီဇွန်
မေး - ပါတီထောင်မယ်ဆိုတော့ ပြည်ဝင်ခွင့်ပိတ်ထားရတယ်ဆိုတော့ ဒီကိစ္စကိုကောဘယ်လို ဖြေရှင်းဖို့ ပြင်ဆင်ထားသလဲ။ မလိုရင် ဘေးကန် ထုတ်တတ်တဲ့ လက်ရှိ အစိုးရကကော အကို့ရဲ့ ပြည်ဝင်ခွင့်အတွက် အာမခံချက် တစုံတရာ ပေးနိုင်ပါ့မလား။ ထို့နည်းတူ နောင်တက်လာမယ့် အစိုးရကကော ပြည်ဝင်ခွင့် ပေးမယ်လို့ ယုံကြည်ထားပါသလား။

ဖြေ - ကျွန်တော့်ကို မြန်မာပြည်မှာ ဗမာ မိဘက မွေးတယ်၊ သွားပေါက်ဟေ့ဆိုကတည်းက ငါးပိစား ကြီးလာတဲ့ကောင်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို ဦးဆောင်ပြီး တစ်ပါတီအာဏာရှင်စနစ်ကို တိုက်လာတယ်။ စစ်အာဏာရှင်အစိုးရကို ပြည်သူလူထု အကျိုးအတွက် သောင်းချီတဲ့ ကျောင်းသားတွေကို ဦးဆောင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့တယ်။ ကျွန်တော့်လိုပဲ ကျွန်တော့်ရဲဘော်တွေ ထောင်ပေါင်းများစွာဟာ ပြည်ပကနေ ကိုယ်တိုင်းပြည် လွတ်မြောက်ရေးအတွက် အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်တယ်။ ဗီဇာပေးမှ တိုင်းပြည်အတွက်အလုပ်လုပ်ရမယ်ဆို ရင် မဟတ္တမဂန္နီတို့ အိန္ဒိယကို ဘယ်လိုပြန်မလဲ၊ ဟိုချီမင်းတို့ ဗီယက်နမ်ကို ဘယ်ပြန်ရလိမ့်မလဲဗျာ။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို မြန်မာပြည်ကိုပြန်လို့ ရမလဲ။ ဒီနိုင်ငံဟာ ကျွန်တော့်နိုင်ငံ၊ ဒီနိုင်ငံကို ကျွန်တော် ပြန်လာမယ်။ ပြန်လည်ထူထောင်ရေးတွေ ကျွန်တော် လုပ်မယ်။

မေး - ပြည်တွင်းမှာ ထောင်မယ့် ပါတီဖြစ်တဲ့အတွက် ပါတီဝင်အင်အားရှိလာဖို့အတွက် ဘယ်လိုပြင်ဆင်ထားသလဲ။ ပြည်တွင်းက ဘယ်အဖွဲ့အစည်းတွေနဲ့ကော ချိတ်ဆက်လုပ်ကိုင်မလဲ။

ဖြေ - လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ကျွန်တော်ထောင်ခဲ့တာပါ၊ ဒါလူတိုင်းအသိ။ ပါတီဝင် အင်အားရှိလာဖို့ဆိုတာက ရှင်းပါတယ်။ မိုးသီးပါတီမှာ အင်အားမရှိတော့တဲ့နေ့ဟာ ကျွန်တော်တို့ တိုင်းပြည်က လူတန်းစားအားလုံး တန်းတူညီမျှ နိုင်ငံသားအခွင့်အရေးခံစားပြီး နတ်ပြည်တမျှ ကောင်းစားတဲ့နေ့ပေါ့ဗျာ။ အဲဒီနေ့ရောက်ရင် မိုးသီး ပါတီမထောင်ဘူး။ လူအိုရုံတွေမှာသွားပြီး လူမှုရေးလုပ်ငန်းတွေ လုပ်မယ်၊ ပန်းချီဆွဲမယ်၊ စိုက်ပျိုးရေးလုပ်မယ်၊ တိရစ္ဆာန်လေးတွေအရေးကို လုပ်မယ်။ ဒီတော့..အဲဒီအနေအထား မရောက်မချင်းတော့ လယ်သိမ်း ယာသိမ်း မြေသိမ်းခံရတဲ့ လူထုတွေ၊ အလုပ်သမားတွေ၊ ပညာတတ်တွေဟာ မိုးသီးပါတီရဲ့ အကောင်းဆုံး ကေဒါတွေ ဖြစ်လာမယ်။

မေး - နောက်ပြီး နဂိုက လက်တွဲလုပ်ခဲ့တဲ့ လူ့ဘောင်သစ်က လူတွေလည်း ပြည်တွင်းမှာ ပါတီထောင်ထားကြတယ်ဆိုတော့ သူတို့နဲ့ကော လက်တွဲလုပ်ကိုင်ဖို့ ရှိသလား။

ဖြေ - လူ့ဘောင်သစ်တွေနဲ့လက်တွဲ မလုပ်ဘူးလားဆိုတော့၊ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့် ရဲဘော်ဟောင်းတွေ၊ အခုပါတီရဲ့ အနေအထားကို စိတ်ပျက်ပြီး ဘေးထွက်နေတဲ့ သူတွေနဲ့ အဆက်အသွယ်အမြဲရှိပါတယ်။ ကျွန်တော့်ရဲဘော်တွေနဲ့ ကျွန်တော် မကင်းကွာပါဘူး။ သူတို့တွေလလည်း ပါမှာပေါ့။ ဒါပေမဲ့ အကန့်အသတ်နဲ့၊ အကျိုးအကြောင်းနဲ့။ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်ဟောင်းတွေရော A.B.S.D.F ရဲဘော်ဟောင်းတွေရောလည်း ပြန်ပါလာမှာပေါ့။ ရဲဘော်သစ်တွေလည်း ပါလာမှာပေါ့။ နယ်စပ်က ကျွန်တော်နဲ့အတူ လုပ်ဖော် ကိုင်ဖက်တွေလည်း ပါလာမှပေါ့။

မေး - ပါတီထောင်ရင် ငွေကြေးက အဓိက လိုအပ်ချက်တစ်ခု ဖြစ်တော့ ဒီ့အတွက်ကိုကော ဘယ်လို ပြင်ဆင်ထားလဲ။

ဖြေ - ငွေကြေးဆိုတာ လိုအပ်လာမှာပါ။ အဲဒီအတွက် ကျွန်တော်တို့ အခက်အခဲလည်း ရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က လက်ညှိုးထိုး ရောင်းစရာမြေလည်း မရှိဘူး။ ကိုယ်ပိုင်တဲ့မြေတွေ၊ ယာတွေကို လက်ညှိုးထိုးရောင်းစားခဲ့ရတဲ့သူတွေပဲ။ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေဖြစ်တယ်။ လူထုနဲ့ကျွန်တော်တို့ တသားတည်းပဲရှိတယ်။ လူထု ဆန်ပြုတ်စားနေရရင်၊ ကျွန်တော်တို့ ဆန်ပြုတ်စားရမှာပဲ။ အဲဒီလိုဆန်ပြုတ်စားရတဲ့ဘ၀က လူထု ကြက်သားဟင်းနဲ့၊ တစ်မိသားစုချင်း မီးရောင်အောက်မှာ တယောက် ဟင်းဘယ်နှစ်တုံးဆိုတဲ့ ခွဲတန်းမချပဲ စားနိုင်လာတဲ့နေ့မှာ ကျွန်တော်တို့  ထမင်းစားမယ်။ ဒီတော့ ကျနော်တို့ ပါတီက ဆင်းရဲပါလိမ့်မယ်။ ဒါပေမဲ့ ဆင်းရဲသားပြည်သူလူထုကြီး တစ်ရပ်လုံးအတွက် ပါတီဖြစ်တယ်။
၈၈ ကျောင်းသားခေါင်းဆောင် (ဦး) မိုးသီဇွန်
မေး - ၈၈ ကျောင်းသားခေါင်းဆောင်လို့ လူသိပြီးသားဖြစ်တဲ့ အကို့အတွက် ပါတီထောင်တာဟာ နိုင်ငံရေးစင်မြင့်တစ်ခု ဖန်တီးလိုက်တာလား။

ဖြေ - မိုးသီးဇွန်က စင်မလိုဘူးဗျ၊ မိုးသီးဇွန်ရောက်တဲ့ အရပ်မှာ စင် ဖြစ်လာတယ်။

မေး - NLD အစိုးရ ဖြစ်လာမယ့်အချိန်ကျမှ ပါတီထောင်မယ်ဆိုတာကကော ဘာကြောင့်လဲခင်ဗျ။

ဖြေ - NLD ပါတီဟာ လူထုက ရွေးကောက်လိုက်တဲ့ ပါတီပါ။ လူထုအစိုးရနဲ့ စကားပြောတာ ကောင်းပါတယ်။ လူထုအစိုးရရှိတဲ့အချိန်ကျမှ ပါတီထောင်တာလည်း အခြေအနေကို ပိုမိုကောင်းမွန်စေနိုင်လို့ပါ။

မေး - နောက်တက်လာမယ့် NLD အစိုးရအပေါ်မှာ ကိုယ်တိုင်ပါတီထောင် မယ့် သူတစ်ယောက်ရဲ့ သဘောထားဆိုရင်ကော။

ဖြေ - နောင်တက်လာမယ့် လူထု အစိုးရ၊ ပါလီမန်ကို ကျွန်တော်အနေနဲ့  ကျွန်တော်တို့ ပါတီအနေနဲ့ ၀ိုင်းရံလက်တွဲသွားပါမယ်။ ကူညီပေးမယ်။ မဆန့်ကျင်ဘူး။ မြန်မာပြည်ဒီမိုကရေစီက နုနယ်လှသေးတယ်။ ဒီမိုကရေစီဆိုတာ ပန်းတိုင်မဟုတ်ဘူး၊ ကျင့်စဉ်။ လွတ်လပ်ရေး ရတော့ ဦးနု အစိုးရ တက်လာတယ်။ လွတ်လပ်ရေးရပြီး ရက်ပေါင်း ၆၃ ရက် အတွင်း ပြည်တွင်းစစ်ဖြစ်ခဲ့တာ အခုထိ မငြိမ်းတော့ဘူး။ ဒီသင်ခန်းစာက ဘာကိုပြနေသလဲ ဆိုတော့ ဦးနုအစိုးရရော၊ အတိုက်အခံတွေပါ နိင်ငံရေး ရင့်ကျက်မှု အားနည်းခဲ့တာကို ပြတယ်။ ဒီအားနည်းချက်က ကျွန်တော်တို့ မျိုးဆက်ပေါင်း များစွာ ပြည်သူသန်းပေါင်းများစွာ ဒုက္ခပင်လယ် ဝေစေခဲ့တယ်။ ကျွန်တော်အနေနဲ့ ဒီသခန်းစာကို ကောင်းကောင်း သတိပြုမိတယ်။ ဒါကြောင့် အစိုးရလည်း ရင့်ကျက်တဲ့အစိုးရဖြစ်ဖို့  တိုက်တွန်းမယ်။ ကျွန်တော်လည်း ရင့်ကျက်တဲ့ အတိုက်ခံ ဖြစ်အောင် ကြိုးစားမယ်။ ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန် လေးစားမှုတွေ လုပ်ကြမယ်။

မေး - ပါတီထောင်တဲ့အချိန်ကျရင် ကြုံလာနိုင်တဲ့ နိုင်ငံရေးအခက်အခဲတွေ ကကော ဘာတွေ ဖြစ်မယ်လို့ မျှော်လင့်ထားလဲ။

ဖြေ - ပါတီထည်ထောင်လာပြီးရင် အဓိက အခက်အခဲက အသွင်းကူးပြောင်းရေးကာလ နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အုပ်ချုပ်ရေးတွေဟာ မြန်မာပြည်အတွက် အဓိက စိန်ခေါ်မှုတွေဖြစ်လာမယ်။ အသွင်းကူးပြောင်းရေး ကာလမှာ မြန်မာတပ်မတော်ဟာ ဒီမိုကရေစီ တပ်မတော်ဖြစ်လာအောင် အသွင်ကူးပြောင်းပေးဖို့  အရေးက အဓိက အခက်အခဲဖြစ်မယ်။

မေး - အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
၈၈ ကျောင်းသားခေါင်းဆောင် (ဦး) မိုးသီဇွန်

(ဦး) မိုးသီးဇွန်၏ ကိုယ်ရေးအကျဉ်း


၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ဦးမိုးသီးဇွန်းမှာ အမည်ရင်း (ဦး) မျိုးသန်းထွဋ်ဖြစ်ပြီး ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်က ရန်ကုန်တက္ကသိုလ် အဓိပတိ လမ်းပေါ်တွင် မျက်နှာအ၀တ်မစည်းဘဲ ဟောပြောရာမှ နာမည်ရလာသူ ဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ တွင် ကျောင်းသားခေါင်းဆောင် (ဦး) မင်းကိုနိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၄င်းမှာ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲကာလတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့သူဖြစ်ပြီး ယင်းနောက်ပိုင်းတွင် စစ်အစိုးရအား လက်နက်ကိုင် တော်လှန်ရန်အတွက် တောခိုခဲ့ရာမှ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် နေထိုင်ခဲ့ရာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ကမ်းလှမ်းမှုဖြင့် ၂၀၁၂ ခုနှစ် စက်တင် ဘာလ ၁ ရက်တွင် မြန်မာပြည်သို့ ပြန်လည် ခြေချခွင့် ရရှိခဲ့သည်။ ပြန်လာခွင့် ရရှိချိန်အတွင်း ဒီမိုကရေစီရေး လုပ်ငန်းများတွင် ပါဝင်ခွင့်ရရှိရန်အတွက် လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်း တွင် ပြည်ဝင်ခွင့်ပိတ်ခံရကာ ယခုအချိန်အထိ ပြည်ဝင်ခွင့် မရသေးသူလည်း ဖြစ်သည်။

အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)

မြန်မာ့အောင်သံ

About မြန်မာ့အောင်သံ -

Aung Htun Linn.. TThe Hurrah Myanmar News Agency | မြန်မာ့အောင်သံ.

Subscribe to this Blog via Email :