Friday, March 11, 2016

မြန်မာ့အောင်သံ

ကလေးမြို့တွင် ရွှေဆိုင်လုယက်မှု ဖြစ်ပွား၊ နာရီပိုင်းအတွင်း ပြန်မိပြီ

ကလေး၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေဝါလင်း ရွှေဆိုင်အား မတ်လ ၁၀ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က မျက်နှာဖုံးစွပ်ထားသော ဆိုင်ကယ်စီးသမားက တူမီးသေနတ် ကိုင်ဆောင်ကာ ၀င်ရောက် လုယက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ရွှေဆိုင်မှာ ဒေါ်ခင်လင်း၊ ဒေါ်လှလှဆွေ ပိုင်ဆိုင်သော ရွှေဆိုင်ဖြစ်ပြီး ဆိုင်ကယ်ဦးထုပ် ဆောင်းထားသူ (ခန့်မှန်းခြေ အသက် ၄၅ နှစ်) ခန့်က ရွှေများ ထည့်ထားသည့် မှန်ဘောင်အား ရိုက်ခွဲကာ လုယက်သွားခြင်းဖြစ်ပြီး ရွှေချိန် ၅၀ ကျပ်သားခန့် ဆုံးရှုံးခဲ့သည်။
လုယက်ခံရသည့် ရွှေဆိုင်ကောင်တာအား တာဝန်ရှိသူများ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ - ပိုင်စိုး
လုယက်ခံရသည့် ရွှေဆိုင်ကောင်တာအား တာဝန်ရှိသူများ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ - ပိုင်စိုး
“သူက တစ်ယောက်တည်း လာတယ်။ တူမီးသေနတ် ပါတယ်။ နေကာမျက်မှန်ပါတယ်။ မျက်နှာကို မသိအောင်။ ပြီးတော့ အင်္ကျီ၊ ဘောင်းဘီ အနက်ပေါ့။ ဒါ ပေါ်တင်ကြီး။ ဈေးရောင်းရင်းနဲ့ ရိုက်ခွဲပြီးတော့ လစ်ပြေးသွားတာ။ အိမ်ရှင် ပြောပုံအရဆိုရင် ၅၀ သားလောက်တော့ ပါမယ်။ အကြီးတွေပေါ့။ အထုပ်တွေကို ယူသွားတယ်ပေါ့။ ပေါ်တင်ယူသွားတာ” ဟု လုယက်ခံရသူ ဆိုင်ပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

ရွှေဝါလင်း ရွှေဆိုင်တွင် ၂၀၀၈ ခုနှစ့်ကလည်း လုယက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသေးသည်။

လုယက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးမိရန်အတွက် ကြိုးပမ်းခဲ့ရာ ကလေးမြို့၊ နတ်ချောင်းကျေးရွာ၊ အိုမီဂါ နာရီဆိုင်အနီးတွင် နာရီပိုင်းအတွင်း ပြန်လည် ဖမ်းဆီးမိခဲ့ကြောင်း ကလေးမြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးမှ အောက်ချင်းသတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။
လုယက်ခံရသည့် ရွှေဆိုင်ကောင်တာအား တာဝန်ရှိသူများ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ - ပိုင်စိုး
လုယက်ခံရသည့် ရွှေဆိုင်ကောင်တာအား တာဝန်ရှိသူများ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ - ပိုင်စိုး
“မိတာတော့ မိပြီဗျ။ အခုကတော့ စစ်ဆေးဆဲ ဖြစ်နေလို့ ပြောလို့ မရသေးတာပါ။ အခုက တရားခံကို ဖမ်းပြီး လမ်းပေါ်မှာ ကားနဲ့ ခေါ်လာတုန်းမို့လို့ပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

လုယက်သွားသည့် ရွှေထည်ပစ္စည်းများနှင့် အသုံးပြုခဲ့သည့် လက်နက်အား ကလေးမြို၊့၊ အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ ၃၊ အမှတ် (၁၀) မူလတန်းကျောင်းဝင်းတွင်းရှိ မယ်ဇလီပင်အောက်တွင် မြုပ်နှံထားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လာရောက်သိမ်းဆည်းသွားပြီ ဖြစ်ကြောင်း ယင်းကျောင်းဝင်းအတွင်း ခေတ္တတည်းခိုနေထိုင်နေပြီး မျက်မြင်တွေ့ရှိခဲ့သူ ခုံတိုးမြို့သာမှ ဒေသခံတစ်ဦးက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

အောက်ချင်းသတင်းအေဂျင်စီ

မြန်မာ့အောင်သံ

About မြန်မာ့အောင်သံ -

Aung Htun Linn.. TThe Hurrah Myanmar News Agency | မြန်မာ့အောင်သံ.

Subscribe to this Blog via Email :